ဖြူးချောင်းရေလှောင်တမံ၏ လက်ယာမြောင်းခွဲမှ စိုက်ပျိုးရေမပြတ် ပို့လွှတ်ပေးလျက်ရှိ
ရန်ကုန် ဧပြီ ၁
ယခုနွေစပါးရာသီ၌ ပဲခူးတိုင်းဒေသကြီး
ဖြူးမြို့နယ် လူငယ်အားမာန်စိုက်ကွင်းတွင် သမဝါယမဦးစီးဌာနက စမ်းသပ်စိုက်ပျိူးလျက်ရှိသည့်
အောင်နိုင်တိုး၊ နှံကောက်နှင့် နွေစပါးခင်းများသို့ ဖြူးချောင်းရေလှောင်တမံ၏ လက်ယာမြောင်းခွဲမှ
ဆည်ရေမပြတ် ပို့လွှတ်ပေးနေကြောင်း သိရသည်။
ဖြူးမြို့နယ်ရှိ နွေစပါးစိုက်ခင်းများ၌
ဆင်းသုခ၊ ရက် ၉၀၊ နှံကောက်၊ ရတနာတိုး၊ ဗီယက်နမ်၊ ပေါ်ဆန်း-၁ နှင့် အောင်နိုင်တိုးမျိုးစပါးတို့ကို
တောင်သူများစိုက်ပျိုးထားပြီး ဖြူးရေလှောင်တမံမှ နေ့စဉ်ဆည်ရေပို့လွှတ်ပေးလျက်ရှိကာ
သမဝါယမဦးစီးဌာနက ယခုနွေစပါးရာသီ၌ လူငယ်အားမာန် စိုက်ကွင်းတွင် နှံကောက် ဧက ၆၀ နှင့်
အောင်နိုင်တိုးမျိုးစပါး ဧက ၄၀ တို့ကို စမ်းသပ်စိုက်ပျိုးထားသည်။
“ ပြည်ထောင်စုဝန်ကြီးရဲ့
လမ်းညွှန်မှုနဲ့ ဒီနွေစပါးရာသီမှာ အောင်နိုင်တိုးနဲ့ နှံကောက်မျိုးစပါးကို လူငယ်အားမာန်စိုက်ကွင်းမှာ
စမ်းသပ်စိုက်ပျိုးခဲ့တာပါ။ ပန်းတိုင်အထွက်နှုန်းကောင်းတဲ့ မျိုးစပါးဖြစ်တဲ့အတွက် အောင်နိုင်တိုး
ဧက ၄၀ နဲ့ နှံကောက် ဧက ၆၀ စမ်းသပ်စိုက်ပျိုးထားပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး
ရန်ပုံငွေနဲ့ စိုက်ပျိုးနိုင်ခဲ့ပြီး သက်တမ်းတိုပြီးတော့ အထွက်နှုန်းကောင်းတဲ့အတွက်
ဒီနွေရာသီမှာ အထွက်နှုန်းပေါ်အခြေခံပြီး လာမယ့်နွေရာသီမှာလည်း စိုက်ပျိုးသွားဖို့ ရှိပါတယ်။
ပန်းတိုင်အထွက် နှုန်းရည်မှန်းချက်ဖြစ်တဲ့ မိုးစပါးဆိုရင် တစ်ဧက တင်း ၁၀၀ နဲ့ နွေစပါးဆိုရင်
တစ်ဧက တင်း ၁၁၀ နဲ့ ရည်မှန်းဆောင်ရွက်နေပါတယ်”ဟု ဖြူးမြို့နယ် သမဝါယမဦးစီးဌာနမှ
ဦးစီးအရာရှိ ဒေါ်ဌေးဌေးမြင့်က ပြောသည်။
အဆိုပါစိုက်ကွင်း၌ မိုးရာသီတွင် အောင်နိုင်တိုး၊
နှံကောက်၊ ဆင်းသုခ၊ ရက် ၉၀၊ ရက် ၁၂၀ မျိုးစပါးတို့ကို ဧက ၇၀၀ စိုက်ပျိုးနိုင်ခဲ့ပြီး
အောင်နိုင်တိုးမျိုးစပါးကို ဧက ၄၀၀ စိုက်ပျိုးခဲ့ကာ လာမည့်မိုးရာသီ၌ မိုးစပါးစိုက်ဧက
၇၀၀ ကျော်တွင် ပေါ်ဆန်း-၁ မျိုးစပါးကို စမ်းသပ်စိုက်ပျိုးသွားမည် ဖြစ်သည်။ ယခုနွေစပါးရာသီ၌
အောင်နိုင်တိုး ဧက ၄၀ နှင့် နှံကောက် ဧက ၆၀ စုစုပေါင်း ဧက ၁၀၀ ကို စမ်းသပ်စိုက်ပျိုးထားပြီး
ပန်းတိုင်အထွက်နှုန်းပြည့်မီပါက နွေစပါးရာသီတို့တွင် အထွက်နှုန်းကောင်းသော မျိုးစပါးများကို
တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။
ဖြူးချောင်း ရေလှောင်တမံ၏ ရှစ်မိုင်အကွာတွင်ရှိသည့်
လူငယ်အားမာန်စိုက်ခင်းသို့ ဖြူးချောင်း ရေလှောင်တမံ၏ လက်ယာမြောင်းခွဲ မိုင်နာ-၃ မြောင်းမှ
စမ်းသပ်စိုက်ပျိုး နွေစပါးခင်းများနှင့် ဖြူးမြို့နယ်အတွင်းရှိ နွေစပါး ဧက ၁၈၀၀၀ ခန့်အား
စိုက်ပျိုးရေမပြတ် ပို့လွှတ်ပေးနေကြောင်း သိရသည်။
ဥဿ၊ ဓာတ်ပုံ - ကိုလွင်
.jpg)
No comments