ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေး



ပဲခူး ဧပြီ ၁၈

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့ရှိ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့်နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇီးကုန်းမြို့ အမှတ် (၁) ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) သို့ ရောက်ရှိပြီး လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေး စကားပြောကြားကာ ပြိုလဲနေအိမ်အတွက် တစ်လုံးလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးပါ Family Kit တစ်ပုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်တစ်လုံးလျှင် ငွေကျပ် ငါးသောင်းနှုန်း နှင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း လျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၃၂၅၀၀၀၀ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ပေးနေသည့် တပ်မတော်သားများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇီးကုန်းမြို့နယ် ရန်ကုန် - ပြည် ကားလမ်းဘေးရှိ လျှပ်စစ်မီးတိုင်များ၊ သစ်ပင်များ ပြိုလဲနေမှုနှင့် ကရင်ကုန်းကျေးရွာအတွင်း လေပြင်းဒဏ်ခံခဲ့ရသည့် နေအိမ်များကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဇီးကုန်းမြို့နယ်အတွင်း ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲနေအိမ် ၁၀ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၃၇၅ လုံး၊ ဘုန်းတော်ကြီးကျောင်းငါးကျောင်းတို့ ထိခိုက်ခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့ သက္ကယ်ချင်းကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ ပြိုလဲနေအိမ်များကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ပြိုလဲနေအိမ် ၅၇ လုံးအတွက် တစ်လုံးလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ Family Kit တစ်ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၆၃၉ လုံးအတွက်တစ်လုံးလျှင် ငွေကျပ် ငါးသောင်းနှုန်းနှင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း ရှစ် ကျောင်းအတွက် တစ်ကျောင်းလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၇၃၅၀၀၀၀ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.