အာဖဂန်နစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ၁၁၀ ဦးထက်မနည်းသေဆုံး



ဧပြီ ၇

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ၁၁ ရက်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၁၀ ဦးထက်မနည်း သေဆုံး၊ ၁၆၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ခုနစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း အာဖဂန်နစ္စတန် အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင် (ANDMA) က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ခြေ ၉၅၈ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ ၄၁၅၅ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရေကြီးမှုကြောင့် လမ်းအရှည် ၃၅၆ ကီလိုမီတာကျော် ပျက်စီးခဲ့ပြီး လယ်ယာမြေ ၁၅၅၆၂ ဧက ရေလွှမ်းမိုးခံခဲ့ရကာ ရေမြောင်းများနှင့် ဆည်မြောင်းကွန်ရက်များ ပျက်စီးခဲ့သည်ဟု သိရသည်။

အာဏာပိုင်များသည် ပြည်နယ်ဌာနများမှတစ်ဆင့် ရေဘေးသင့်ဒေသများသို့ အရေးပေါ်အကူအညီများ ပေးပို့ခဲ့ပြီး မိုးရွာသွန်းမှုများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသောနေရာများနှင့် မြစ်ကမ်းပါးများနှင့် ဝေးဝေးနေကြရန် ဒေသခံများအား တိုက်တွန်းပြောကြားထားသည်။

ရေဘေးသင့်ဒေသများတွင် အသက်ဆုံးရှုံးမှုနှင့် ပစ္စည်းဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရန် ကယ်ဆယ်ရေးအဖွဲ့များသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ရေဘေးသင့်ဒေသများတွင် ပျက်စီးဆုံးရှုံးမှု အကဲဖြတ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

အာဖဂန်နစ္စတန် မိုးလေဝသအာဏာပိုင်များက လာမည့်ရက်များအတွင်း မိုးရွာသွန်းမှုထပ်မံဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားသည့် သတိပေးချက်အသစ်များ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို 

No comments

Powered by Blogger.