ဉာဏ်ရည်တုလှိုင်းများ(၂)



နီဇော်သစ်

ဉာဏ်ရည်တုနည်းပညာ၏ အတိတ်၊ ပစ္စုပ္ပန် အကျိုးသက်ရောက်မှုများကိုလေ့လာပြီး အနာဂတ် ဖြစ်နိုင်ခြေများကို ခန့်မှန်းဖို့ဆိုလျှင် လက်ရှိအခင်း အကျင်းများကို တတ်နိုင်သမျှ  ရှုထောင့်စုံအောင် လေ့လာရှုမြင်ဖို့ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်ဆောင်းပါးတွင်       အေအိုင်လောက၏ အတွင်းလူများဖြစ်သော လီကိုင်ဖူးနှင့် ချန်ကျူဖန်း တို့၏   အေအိုင် ၂၀၄၁ စာအုပ်ထဲမှ ဉာဏ်ရည်တု နည်းပညာအကျိုးသက်ရောက်မှုများကို လှိုင်းများအဖြစ် ဖော်ပြမှုအား ကိုးကားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်ထုတ် ထိုစာအုပ်တွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ ဉာဏ်ရည်တုတိုးတက်လာသော လှိုင်း လေးခုကို ဖော်ပြထားသည်။ လက်ရှိ ကျွန်တော်တို့ ရောက်နေသည်မှာ   ဉာဏ်ရည်တု ပဉ္စမလှိုင်းဖြစ် သည့် ဂျင်နရေးတစ် အေအိုင်လှိုင်းထဲတွင်ဖြစ်သည်။ ရှေ့ဆက်ပြီး ပညာရှင်တို့ မျှော်မှန်းထားသည့်လှိုင်းမှာ အေဂျီအိုင်လှိုင်းဖြစ်သည်။ ဤနေရာတွင် အေအိုင်နှင့် အေဂျီအိုင်    ဘယ်လိုကွာခြားလဲဆိုသည့်   အခင်း အကျင်းကို ဉာဏ်ရည်တုနည်းပညာရှင်တစ်ယောက် လို မဟုတ်တောင် သာမန်အားဖြင့် ကွဲကွဲပြားပြား နားလည်ထားမှ အခင်းအကျင်း ဘယ်လိုကွာခြားလဲ ဆိုသည်ကို သိနိုင်မည်ဟု ထင်ပါသည်။ ထိုသို့မသိရှိပါ က လှိုင်းတစ်ခုနှင့် တစ်ခုအကြား အဓိပ္ပာယ်ကွာခြားမှု ကို နားလည်ရန်ခက်ခဲနိုင်သည်။

အေအိုင်နှင့် အေဂျီအိုင် ဘယ်လိုကွာခြားသလဲ၊ အေဂျီအိုင်က ဘာတွေလုပ်နိုင်မယ်လို့ မျှော်လင့်ထား လဲဆိုသည့် မေးခွန်းများအတွက် ၂၀၂၄ ခုနှစ် စက်သင် ယူမှုဆိုင်ရာ         အပြည်ပြည်ဆိုင်ရာညီလာခံတွင် မယ်ရာဒစ် ရင်ဂျယ် မောရစ္စ ဦးဆောင်သည့်အဖွဲ့က တင်ပြခဲ့သော        Position: Levels of AGI for Operationalizing Progress on the Path to AGI စာတမ်း မှာ ကိုးကား၍  အကောင်းဆုံးဖြစ်မည်ဟု ထင်ပါ သည်။ ခက်ခဲသော ပညာရပ်ဆိုင်ရာ စကားလုံးများကို ဖယ်ထားပြီး ‘အေဂျီအိုင်သို့ သွားရာလမ်းအဆင့်ဆင့်’ ဟု    မှတ်လိုက်လျှင်ရပါသည်။   ထိုစာတမ်းတွင် အထွေထွေ ဉာဏ်ရည်တုနည်းပညာသဘောတရား ကို အေအိုင်နည်းပညာအတွက် ရည်မှန်းချက်များ၊ အေအိုင်နည်းပညာ    ကြိုတင်ဟောကိန်းများနှင့် အေအိုင်နည်းပညာ၏အန္တရာယ်ဆိုသည့်        အပိုင်း သုံးပိုင်းခွဲပြီး လေ့လာသုံးသပ်ထားသည်။

ပထမဇယားတွင်  အေအိုင်နှင့် အေဂျီအိုင်ကို ကော်လံနှစ်ခုခွဲပြီး အဆင့်လိုက်ခွဲခြားဖော်ပြထား သည်။ ဆိုလိုသည်မှာ အေအိုင်ကော်လံအောက်တွင် ဘောင်ကျဉ်းသော   လုပ်ဆောင်ချက်များပါဝင်ပြီး အေဂျီအိုင်အောက်တွင် အထွေထွေသုံးဆန်သော လုပ်ဆောင်ချက်များ ပါဝင်သည်။

ပထမဆုံးအဆင့်မှာ အဆင့်  သုည။ အေအိုင် မဟုတ်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက် တွင် ဂဏန်းပေါင်းစက်အဆင့်ဖြစ်သည်။ အထွေထွေ လုပ်ဆောင်ချက်အောက်တွင် အမေဇုန်က လက်ရှိသုံး နေသော အလိုအလျောက် ငွေရှင်းစက်များဖြစ်သည်။

အဆင့်(၁)မှာ ပေါ်ဦးစအဆင့်။ အေအိုင်မဟုတ်။ ကျွမ်းကျင်မှုမရှိသော       လူသားတစ်ယောက်၏ စွမ်းဆောင်ရည်ထက်        သာလွန်သည့်အဆင့် ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်များ အောက်တွင်  ရိုးရှင်းသောစည်းမျဉ်းအခြေပြုစနစ် များဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ထွက်ပေါ်လာသည့် SHRDLU လို   ကွန်ပျူတာထဲမှ    ဘလောက်တုံး ပုံဆောင်လောကထဲတွင် သဘာဝ ဘာသာစကား လမ်းညွှန်ချက်များအတိုင်း        လိုက်လုပ်နိုင်သော စနစ်မျိုးဖြစ်သည်။ GOFAI ဟု အတိုကောက်ခေါ်သော ရှေးရိုးစံထား အေအိုင်ကောင်းများ (good old-fashioned artificial intelligence) များ အားလုံး ပါဝင်သည်။  အထွေထွေခေါင်းစဉ်အောက်တွင်တော့ လက်ရှိ  တွင်ကျယ်နေသည့်   ချတ်ဂျီပီတီ၊ ဘာ့ဒ်၊ လာမာ-၂၊ ဂျမနိုင်း    အစရှိသော ဂျင်နရေးတစ် အေအိုင်များ ပါဝင်သည်။

အဆင့်(၂)မှာ သင့်တင့်သောအဆင့်။  အရွယ် ရောက်ပြီး         ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၅၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်းရှိသည့်အဆင့်ဖြစ်သည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်များအောက်တွင်  မြင်လွယ်သည့် ဥပမာများပေးရလျှင် အက်ပဲလ်၏ စီရီ၊ အမေဇုန်၏ အလက်ဇာ၊ ဂူးဂဲလ်၏ ဂူးဂဲလ်လက်ထောက်တို့လို ကျွန်တော်တို့နှင့်   အကျွမ်းတဝင်ရှိနေပြီဖြစ်သည့် အေအိုင်နည်းပညာသုံး        အက်ပ်များဖြစ်သည်။ အထွေထွေလုပ်ဆောင်ချက်အောက်တွင်    ဘာမှ မရှိသေး။

အဆင့်(၃)မှာ ကျွမ်းကျင်သောအဆင့်။ အရွယ် ရောက်ပြီး        ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၉၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်း ရှိသည့်အဆင့်ဖြစ်သည်။        ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင်   ၂၀၂၃ ခုနှစ်ထုတ် Grammarly လိုမျိုး စာလုံးပေါင်းနှင့် သဒ္ဒါစစ်ပေး သည့် အေအိုင်များ၊ အင်မာဂျင်နှင့် ဒဲလ်-အီး(၂)တို့လို ဂျင်နရေးတစ် ပုံရိပ်အေအိုင်များပါဝင်သည်။ အထွေ ထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။

အဆင့်(၄)မှာ အထူးကျွမ်းကျင်အဆင့်။ အရွယ် ရောက်ပြီး        ကျွမ်းကျင်လုပ်သားတစ်ယောက် လုပ်ဆောင်ရည်၏ ၉၉ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်း ရှိသည့်အဆင့်ဖြစ်သည်။        ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက်တွင်   ကက်စပါးရော့ကို  အနိုင်ကစားခဲ့သည့် ဒိဘလူး၊ တရုတ်ကျား ဆရာ တိုင်းကို   အနိုင်ယူခဲ့သည့်   အယ်လ်ဖာဂိုးတို့ပါဝင် သည်။    အထွေထွေလုပ်ဆောင်ချက်အောက်တွင် ဘာမှမရှိသေး။

အဆင့်(၅)မှာ   စူပါလူသားအဆင့်။      လူ တစ်ယောက်လို ၁၀၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်စွမ်း ရှိသည်။ ဘောင်ကျဉ်းသော လုပ်ဆောင်ချက်အောက် တွင်   အယ်လ်ဖာဇီးရိုးတို့၊   အယ်လ်ဖာဖိုးလ်ဒ်တို့၊ ၂၀၂၃ ခုနှစ်ထွက် စတော့ဖစ်ရှ်တို့လို အေအိုင်များ ထည့်သွင်းနိုင်သည်။ အထွေထွေလုပ်ဆောင်ချက် အောက်တွင် ဘာမှမရှိသေး။

ဆိုလိုသည်မှာ   အေဂျီအိုင်နှင့်ပတ်သက်လျှင် ကျွန်တော်တို့ ရောက်နေသည့်ကာလသည် ပေါ်ဦးစ အဆင့်တွင်သာရှိသေးသည်။ သို့သော် ဂျင်နရေးတစ် အေအိုင်တို့၏အနာဂတ်သည် အေဂျီအိုင်၊ အေဂျီအိုင် ၏ အခြေခံအုတ်မြစ်သည် ဂျင်နရေးတစ်အေအိုင် များဟုတော့ ပြောနိုင်နေပြီ။ စာတမ်းထဲမှ နောက်ထပ် ဇယားတစ်ခုမှာ        ကိုယ်တိုင်လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး        ခွဲခြားပြထားသည့်ဇယားဖြစ်သည်။ ထိုဇယားအကြောင်းကိုတော့    နောက်တစ်ပတ်မှ ဆက်ပြောပါမည်။

ရှေ့တွင်ဆိုခဲ့သလို   ဉာဏ်ရည်တုနည်းပညာ လမ်းကြောင်းကို   ရည်မှန်းချက်၊  ဟောကိန်းနှင့် အန္တရာယ်ဟု သုံးပိုင်းခွဲ၍ လေ့လာရာတွင် အဓိက ဦးတည်သည်မှာ     ထိန်းချုပ်နိုင်စွမ်းရှိဖို့ဖြစ်သည်။ သမိုင်းတစ်လျှောက် ကြီးမားသောနည်းပညာလှိုင်း များ  အရှိန်ပြင်းပြင်း  ပျံ့နှံ့ခဲ့သည်ကို တွေ့ခဲ့ကြရပြီး ဖြစ်သည်။   အကျိုးဆက်များကလည်း   ကြီးမား သည်။ ကျောက်လက်နက်၊ မီး၊ ဘာသာစကား အစရှိ သည့်     အထွေထွေသုံးနည်းပညာတို့ကို    တွေ့ရှိ ဖော်ထုတ်ပြီး အရှိန်အဟုန်ဖြင့်ပျံ့နှံ့မှုသည် လူသား တို့ကို အစာကွင်းဆက်ထိပ်ဆုံးအထိ ရောက်သွား စေသည်။ စက်မှုတော်လှန်ရေးခေတ် အထွေထွေသုံး နည်းပညာပေါ်ထွက်ပျံ့နှံ့မှုတို့သည် အင်ပါယာနိုင်ငံ များနှင့်    ကိုလိုနီနိုင်ငံများကို   ဖြစ်လာစေသည်။ ဖြစ်စဉ်တိုင်းကိုကြည့်လျှင်        ထိန်းချုပ်နိုင်သူက အသာရသည်ဟု အဓိပ္ပာယ်ထွက်သည်။

ယခု ဉာဏ်ရည်တုနည်းပညာသည် အထွေထွေ သုံးနည်းပညာအဆင့်သို့ မရောက်သေး။ ပျံ့နှံ့မှုနှုန်း မှာလည်း   သမိုင်းကိုပြောင်းလဲခဲ့သော နည်းပညာ လှိုင်းများရရှိခဲ့သည့်    အရှိန်အဟုန်နှင့်ယှဉ်လျှင် အားနည်းနေသေးသည်။ သို့သော် ယင်းမှာအခိုက် အတန့်မျှသာ။   လာမည့်  ဆယ်စုနှစ် တစ်ခု၊ နှစ်ခု အတွင်းမှာပင်    ထူးခြားသည့်ပြောင်းလဲမှုတို့ကို မြင်ရဖို့ရှိနေသည်ဟု ပညာရှင်များက ခန့်မှန်းထား ကြသည်။       စိုးရိမ်စရာအကောင်းဆုံးကိစ္စတို့မှာ ဉာဏ်ရည်တုသည်      တိုင်းပြည်နိုင်ငံများနှင့် ပြည်သူများကြားမှ    ပါဝါလွန်ဆွဲပွဲဖြစ်နိုင်သလို တိုင်းပြည်နိုင်ငံတို့၏         အချုပ်အခြာအာဏာကို စစ်လက်နက်များမသုံးဘဲ ထိခိုက်စေခြင်းလည်း ဖြစ်နိုင်သည်။ ထိုအကြောင်းများကို နောက်ပိုင်းတွင် လေ့လာမိသမျှ   ဆက်လက်ဆွေးနွေး  တင်ပြသွား မည်ဖြစ်ပါသည်။

 

No comments

Powered by Blogger.