စနေဂြိုဟ်၏ဝင်ရိုးပေါ် လှည့်ပတ်မှုပုံစံပြောင်းလဲနေရခြင်း အဖြစ်မှန်ကိုဖော်ထုတ်



နေမိသားစုထဲရှိ ဂြိုဟ်တိုင်းသည် မိမိဝင်ရိုးပေါ်တွင် မိမိလည်ပတ်နေကြရာ ပြီးခဲ့သည့် ဆယ်စု နှစ်များအတွင်း တိုင်းတာမှုများအရ စနေဂြိုဟ်မှလွဲ၍ ကျန်ဂြိုဟ်များအားလုံးသည် ပုံမှန်နှုန်းဖြင့် လည်ပတ်နေကြောင်း တွေ့ရှိခဲ့ရသည်။ စနေဂြိုဟ်ကို တိုင်းတာရာတွင်မူ တိုင်းတာမှုအလိုက်        ဝင်ရိုးပေါ်တွင် လည်ပတ်နှုန်းက ပြောင်းလဲနေသဖြင့် ထူးခြားဖြစ်စဉ်တစ်ခုအဖြစ် သိပ္ပံပညာရှင် များက စိတ်ဝင်စားခဲ့ကြသည်။

ယခုအချိန်တွင်မူ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်မှရရှိသော အချက်အလက်များကို အင်္ဂလန် အရှေ့ မြောက်ပိုင်း   နော့သမ်းဘရီးယားတက္ကသိုလ်မှ သုတေသီများက   လေ့လာဆန်းစစ်ပြီး အဖြစ်မှန်ကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအဖြစ်မှန်မှာ စနေဂြိုဟ်၏ ဝင်ရိုးပေါ်လည်ပတ်နှုန်းသည် ပြောင်းလဲ နေခြင်းမရှိ၊  အခြားဂြိုဟ်များနည်းတူ ပုံမှန်လည်ပတ်နေခြင်းဖြစ်သည်။ ကမ္ဘာမှ လှမ်း၍ တိုင်းတာ ချိန်တွင် စနေဂြိုဟ်၏ ဥတ္တရအလင်းတို့က ထင်ယောင်ထင်မှား ဖြစ်စေခြင်းကြောင့်သာ   လည်ပတ်နှုန်း ပုံမှန်မဟုတ်ဟု ထင်နေရခြင်းဖြစ်သည်။

ထိုလေ့လာမှုတွင် သိပ္ပံပညာရှင်တို့သည် စနေဂြိုဟ်၏ ဥတ္တရအလင်းများအတွင်း အပူနှင့် လျှပ်စစ် ဓာတ်ဆောင် အမှုန်များ မည်သို့လှည့်ပတ်ရွေ့လျားနေကြသည်ကို ပထမဆုံးအကြိမ် မြေပုံရေးဆွဲ ခဲ့ကြသည်။ ထိုသို့လေ့လာရာမှ စနေဂြိုဟ်၏ ဥတ္တရအလင်းတို့သည် အမြင့်ပိုင်းတွင် လေတိုက်ခတ်မှု တို့ကို ဖြစ်ပေါ်စေပြီး ထိုလေတိုက်ခတ်မှုတို့က လျှပ်စစ်ဆောင် အမှုန်တို့ကို စီးဆင်းစေပြီး ဥတ္တရ အလင်းများ ထပ်ဖြစ်စေသည့် သံသရာလည်မှုကို တွေ့ခဲ့ရသည်။ ထိုသို့ ဥတ္တရအလင်းနှင့် လျှပ်စစ် ဓာတ်ဆောင်အမှုန်စီးဆင်းမှုများက တိုင်းတာမှုများကို လွဲမှားစေပြီး စနေဂြိုဟ်၏ဝင်ရိုးပေါ်    လည်ပတ်နှုန်း အချိန်အလိုက်   ပြောင်းလဲနေသည်ဟု ထင်မှတ်မှားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမြင်မှားမှုမှာ ၂၀၀၄ ခုနှစ် ကတည်းကဖြစ်ရာ နှစ်ပေါင်း ၂၀ ကျော်မှ အဖြစ်မှန်ကို သိရှိခဲ့ရ ခြင်းဖြစ်သည်။ သို့သော်   သဘောတရားကိုမူ  နော့သမ်း ဘရီးယားတက္ကသိုလ် ဂြိုဟ်နက္ခတ္တဗေဒ ပါမောက္ခ တွမ်စတောလတ်ဒ် ဦးဆောင် သည့်အဖွဲ့သည် ၂၀၂၁  ခုနှစ်ကတည်းက ဟောကိန်းထုတ် ခဲ့ကြခြင်းဖြစ်သည်။ သဘောတရားကို မှန်းဆနိုင်ခဲ့သော်လည်း တိကျသောအချက်အလက်များ မရှိသေး၍ သက်သေမပြနိုင်ခဲ့ပေ။

ယခုအချိန်တွင်မူ    ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်မှရရှိသော  အချက်အလက်များဖြင့်    အပူနှင့် လျှပ်စစ်ဓာတ်ဆောင်အမှုန် စီးဆင်းမှုမြေပုံကို ဆွဲနိုင်ခဲ့ပြီးနောက် ဥတ္တရအလင်းနှင့်        လေတိုက် ခတ်မှုတို့ ဆက်စပ်ပုံကို သက်သေပြကာ ၎င်းတို့၏သဘော တရားမှန်ကန်ကြောင်း ပြနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြင်နေရတာက ဂြိုဟ်တစ်လုံးရဲ့ အပူပန့်တစ်ခုပါ။ စနေဂြိုဟ်ရဲ့ ဥတ္တရအလင်းတွေက သူ့ရဲ့လေထုကို ပူလောင်စေတယ်။ လေထုက လေတိုက်ခတ်အောင်လုပ်တယ်။   လေတိုက်ခတ်မှုက လျှပ်စစ်စီးဆင်းမှုကို ဖြစ်စေတယ်။ လျှပ်စစ်စီးဆင်းမှုက ဥတ္တရအလင်းတွေကို အားကောင်းစေ တယ်။ အဲဒီလိုမျိုး ဆက်တိုက်ဖြစ်နေတာပါ”ဟု ပါမောက္ခ စတောလတ်ဒ်က ရှင်းပြသည်။

Ref: scitechdaily

No comments

Powered by Blogger.