ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် ဧပြီ ၂၉
ထိုင်းနိုင်ငံအစိုးရ
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E .Mr. Pattana Promphat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Eastin Grand
Hotel Phayathai တွင် ဧပြီ ၂၈ ရက်မှ ၃၀
ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင် ရောဂါဆိုင်ရာ ညီလာခံသို့
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော မြန်မာ
ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ညီလာခံသို့
အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်များ၊ ကျန်းမာရေးဆိုင်ရာ
အဆင့်မြင့်အရာရှိကြီးများ၊ World Hepatitis Alliance မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အရှေ့တောင်အာရှ နှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာ ရုံးမှ
ဒေသဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော အသည်းအထူးကု ဆေးပညာရှင်များ၊
ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖွင့်ပွဲ
အခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကား
ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် Elimination
for Everyone, Everywhere, Right Now! ဆောင်ပုဒ်နှင့်အညီ
ကျင်းပသော ယနေ့အခမ်းအနားသည် အသည်းရောင်ရောဂါ တိုက်ဖျက်ရေးတွင် မည်သူတစ်ဦး
တစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့်လည်း
များစွာတူညီမှုရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အသည်းရောင်ရောဂါ
ကင်းဝေးရေး ပန်းတိုင်ရရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ သန္နိဋ္ဌာန်ချမှတ်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အားကောင်း လာစေရေးနှင့်
လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal
Health Coverage-UHC) ရရှိစေရေး အခြေခံလိုအပ်ချက်ဖြစ်သည့်
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏
အသည်းရောင် ရောဂါကာကွယ်၊ ကုသမှုလုပ်ငန်းများတွင် အောင်မြင်တိုးတက်မှုများ အနေဖြင့်
အခမဲ့အသည်းရောင်ရောဂါ စီပိုးကုသမှုကို ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံ
၃၆ ရုံအထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို
ပြည်သူလူထုနှင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသည်းရောင်ရောဂါဘီ ကာကွယ်ဆေးကို
အမျိုးသား ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းထားပြီး မွေးကင်းစကလေးငယ်တိုင်း
အားလုံးကိုလည်း မွေးပြီးပြီးချင်း ထိုးနှံပေးလျက်ရှိပကြောင်း၊ အမျိုးသားသွေးလှူဘဏ်နှင့်
နိုင်ငံတစ်ဝန်းရှိ သွေးလှူဘဏ်များ အားလုံးတွင်လည်း ၂၀၁၂ ခုနှစ်မှစတင်၍ လုံခြုံစိတ်ချရသည့်
သွေးလှူဒါန်းခြင်း ဆိုင်ရာအစီအစဉ်ကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ပြီး အသည်းရောင်ရောဂါဘီ
ရောဂါ ဖြစ်ပွားမှုနှုန်းနှင့် အသည်းရောင်ရောဂါစီ ဖြစ်ပွားမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ်
သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း။
အသည်းရောင်ရောဂါ
ကုသရေး ဆေးဝါးများ ပြည်တွင်း၌ ထုတ်လုပ်ရေးဆောင်ရွက်လျက်ရှိပြီး မိခင်မှကလေးသို့
အသည်းရောင်ရောဂါများ မကူးစက်နိုင်ရေး ကာကွယ်ရေးနှင့် ပြည်သူဗဟိုပြု ကျန်းမာရေး
စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
အသည်းရောင်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ လူတိုင်းလက်လှမ်းမီစေရေး အသည်းရောင် ရောဂါဆိုင်ရာ
အမျိုးသားမဟာဗျူဟာစီမံကိန်း ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအသည်းရောဂါ ဖောင်ဒေးရှင်း၊ နိုင်ငံတကာ
အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ရောဂါကာကွယ်ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်
တွန်းအားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ညီလာခံမှတစ်ဆင့် တက်ရောက်လာကြသော
နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး
အသည်းရောင်ရောဂါ ကာကွယ်ကုသရေးအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ
ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.
Pattana Promphat နှင့် မြန်မာ-ထိုင်း
နှစ်နိုင်ငံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းမြှင့်တင် ဆောင်ရွက်နိုင်ရေး
သီးခြားတွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံ
ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားများ၏ မျှော်မှန်းလူ့သက်တမ်း တိုးမြင့်လာစေရေး၊
ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ
ပိုမိုအားကောင်းလာစေရေး မူဝါဒများချမှတ်၍ ထိရောက်စွာအကောင်အထည်ဖော်
ဆောင်ရွက်သွားမည့် အခြေအနေများ၊ လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ
နယ်စပ်ဒေသ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊
ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊
ထားဝယ်ဆေးရုံ အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် ဆရာဝန်၊ သူနာပြုများအား
လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပို့ချနိုင်ရေး၊ ကျန်းမာရေး
စောင့်ရှောက်မှုစနစ် အဆင့်မြှင့်တင်ရေးနှင့် လူတိုင်း လက်လှမ်းမီ
လွှမ်းခြုံနိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage- UHC) ပန်းတိုင်ရရှိရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊
နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments