ဘီဘီစီရုပ်သံဌာနက ဝန်ထမ်း ၂၀၀၀ လျှော့ချမည်

 



လန်ဒန် ဧပြီ ၁၇


ဗြိတိန်အများပြည်သူပိုင် ရုပ်သံဌာန ဘီဘီစီ (BBC)က ကုန်ကျစရိတ်လျှော့ချရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်း၏ ဝန်ထမ်းအင်အားကို ၁၀ ရာခိုင်နှုန်း သို့မဟုတ် အလုပ်အကိုင် ပေါင်း ၂၀၀၀ အထိ လျှော့ချသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။


လာမည့်နှစ်နှစ်အတွင်း ပေါင်သန်း ၅၀၀ သို့မဟုတ် ၆၇၅ သန်းကို သက်သာစေရန်အတွက် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။


ဝန်ထမ်း ၁၀ ဦးလျှင် တစ်ဦး သို့မဟုတ် အလုပ်အကိုင်ပေါင်း ၁၈၀၀ မှ ၂၀၀၀ ကြားလျှော့ချခြင်းခံရမည်ဖြစ်သည်။


ဘီဘီစီရုပ်သံဌာနက သိသာ ထင်ရှားသော ငွေကြေးဆိုင်ရာ အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း ၎င်း၏ ဝန်ထမ်းများအား ပြောကြားခဲ့သည်။ ရုပ်သံလိုင်းများ သို့မဟုတ် ဝန်ဆောင်မှုအချို့ကို ပိတ်ပစ်နိုင်ခြေရှိကြောင်း ရုပ်သံဌာနက ဆက်လက်ပြောကြားခဲ့သည်။


ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း၊ လိုင်စင်အခကြေးငွေနှင့် ကုန်သွယ်မှု ဝင်ငွေကျဆင်းခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် ဝန်ထမ်းများ လျှော့ချရ ခြင်းဖြစ်ကြောင်း အဆိုပါရုပ်သံဌာနက ပြောကြားခဲ့သည်။

 

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြောင်းကို ၂၀၂၄ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သည့် မှတ်တမ်း ရုပ်ရှင်အစီအစဉ်တစ်ခုအပေါ် ဝေဖန်မှုများကြောင့် ယမန်နှစ်က ရာထူးမှ နုတ်ထွက်ခဲ့သည်။


ဂူဂဲလ် (Google) အမှုဆောင်ဟောင်း မတ်ဘရစ်တင်သည် မေလတွင် ညွှန်ကြားရေးမှူးချုပ် ဖြစ်လာ ဖွယ်ရှိသည်။ ညွှန်ကြားရေးမှူးချုပ်အသစ် လက်ထက်တွင် ဘီဘီစီသတင်းဌာနက မီဒီယာလုပ်ငန်း အပြောင်းအလဲများနှင့် ကုန်ကျစရိတ် ဖြတ်တောက်မှုများအပေါ် မည်သို့ဆက်လက်ဆောင်ရွက်သွားမည် လဲဆိုသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရ ဖွယ်ရှိသည်။


ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.