နေတိုးအဖွဲ့ဝင်နိုင်ငံများမှ အထူးကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိ

 



တိုကျို ဧပြီ ၁၇


နေတိုးအဖွဲ့ဝင်နိုင်ငံများမှ အထူး သံတမန်အယောက် ၃၀ ပါဝင်သော အထူး ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ယမန်နေ့က အလည်အပတ်ခရီးရောက်ရှိခဲ့ကြောင်း သိရသည်။


၎င်းတို့သည် သီးသန့်လေယာဉ်ဖြင့် တိုကျိုမြို့ ဟာနီဒါလေဆိပ်သို့ ယမန်နေ့တွင် ရောက်ရှိခဲ့ကြသည်။ အဆိုပါ သံတမန်များသည် သုံးရက်ကြာခရီးစဉ်အတွင်း ဂျပန် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။


ထို့ပြင် ကာကွယ်ရေးလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်မှုများရှာဖွေရန် ဂျပန်ကုမ္ပဏီများ ထံ သွားရောက်မည်ဖြစ်ပြီး တိုကျိုမြို့တောင်ဘက် ယိုကိုဆူကာမြို့ရှိ အမေရိကန်အခြေ စိုက်စခန်းသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်သည် နေတိုးနှင့် ဂျပန်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။


နေတိုးက ဂျပန်-အမေရိကန် မဟာမိတ်ကို အခြေခံ၍ ဂျပန်နိုင်ငံ၏ လုံခြုံရေး မူဝါဒကို စိတ်ဝင်စားပုံရပြီး နေတိုးအဖွဲ့အပေါ် စိတ်ပျက်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးနှင့် ဂျပန်နိုင်ငံတို့အကြား မည်သို့ ဆက်ဆံရေးရှိပုံကို သိရှိနားလည်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်ပြောကြားသည်။


ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.