လူငယ်များ လေ့လာဖတ်ရှုသင့်သော ကဗျာစာပေ
(၃၁-၃-၂၀၂၆ ရက်နေ့မှအဆက်)
ကမ္ဘာပေါ်တွင် ပြောဆိုသုံးစွဲကြသော ဘာသာစကားများ ကွဲပြားသော်လည်း ကဗျာဉာဏ်အာဘော်များမှာ မူအားဖြင့် ခပ်ဆင်ဆင်တူသည်ကို တွေ့ရသည်။ အနောက်နိုင်ငံ၏ ကဗျာလင်္ကာများကို ကြည့်လျှင် အနောက်လောက ယဉ်ကျေးမှု၏ ဘိုးအေဟုခေါ်ဆိုရသော ဂရိနှင့် ရောမနိုင်ငံများ၏ အဆက်အနွှယ်များကို တွေ့ရပေသည်။ ဂရိစာပေတွင် အော့ဒီဆီခေါ် လင်္ကာကြီးမှာ ရှေးစစ်တိုက်ခန်း၊ စွန့်စားခန်းများကို ဖွဲ့ဆိုထားသဖြင့် ထိုလင်္ကာကြီး မျိုးကို အက်ပစ်ရဲတင်းလင်္ကာဟူ၍ ခေါ်ဆိုထားလေသည်။ ထိုလင်္ကာကြီးကို ဥရောပစာပေတွင် ဘာသာ မပြန်ရသေးသောဘာသာဟူ၍မရှိချေ။ စာပေအမွေ အနှစ်အဖြစ် ခံယူကြလေသည်။ ကျွန်ုပ်တို့အရှေ့နိုင်ငံ ၌ သက္ကတဘာသာဖြင့် ရေးစပ်ထားသော ရာမယန လင်္ကာကြီးမှာလည်း အက်ပစ်လင်္ကာအမျိုးအစားပင် ဖြစ်သည်။ အော့ဒီဆီနှင့် ရာမယနလင်္ကာကြီးများမှာ ကမ္ဘာတွင် ယခုတိုင် ကျော်ကြားလျက်ရှိလေသည်။
စာဆို၏ စိတ်နှလုံး၌ ခံစားရသောအာရုံများကို သူ၏ စကားလုံးအသံများက အဓိပ္ပာယ်ဖော်ပေးစေမှသာ ကဗျာလင်္ကာအစစ်ဖြစ်နိုင်ပေသည်။ ကဗျာ လင်္ကာအမျိုးအစားများမှာ ဘာသာစာပေအသီးသီး ကိုလိုက်၍ အမျိုးမျိုးကွဲပြားလေသည်။ မြန်မာစာပေတွင် ကဗျာလင်္ကာကို လင်္ကာနှင့် သီချင်းဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ လင်္ကာမှာ (၁) လင်္ကာ၊ (၂) ပျို့၊ (၃) မော်ကွန်း၊ (၄) သံပိုင်း၊ (၅) သမိုင်း၊ (၆) ရဲတင်း၊ (၇) တမ်းချင်း၊ (၈) ဧချင်းသံတိုင်၊ (၉) ဧချင်းသံပေါက်၊ (၁၀) ရတု၊ (၁၁) လူးတား၊ (၁၂) အန်၊ (၁၃) သံပေါက်၊ (၁၄) ဝဲရိုက်ဝဲသွင်းဟူ၍ ၁၄ မျိုးရှိ၏။ သီချင်းတွင် (၁) ရကန်၊ (၂) ဟောစာ၊ (၃) သာချင်း၊ (၄) ကာချင်း၊ (၅) အဲချင်း၊ (၆) အိုင်ချင်း၊ (၇) လေးချိုး၊ (၈) သံချို၊ (၉) ယိုးဒယား၊ (၁၀) ပတ်ပျိုး၊ (၁၁) ကြိုး၊ (၁၂) ဘွဲ့၊ (၁၃) ဘောလယ်အရိုး၊ (၁၄) တေးအရိုး အဆန်း၊ (၁၅) သဖြန်အရိုးအဆန်း၊ (၁၆) ငိုချင်း အရိုးအဆန်း၊ (၁၇) တုံးချင်းအရိုးအဆန်း၊ (၁၈) ဟန်ချင်းအရိုးအဆန်း၊ (၁၉) လှေချင်းအရိုး အဆန်း၊ (၂၀) နတ်သံ၊ (၂၁) မှာတမ်း၊ (၂၂) ဇာတ် စကားစပ်ပုံဟူ၍ ၂၂ မျိုးပါဝင်သည်။
ရာသီဥတု တောတောင်ရေမြေတို့ကို ဖွဲ့ဆိုကြ ရာ၌ နတ်များပင် ဖန်ဆင်းသကဲ့သို့လည်းကောင်း မိုးနတ်သား၊ လေနတ်သားစသည်တို့ ထင်ရှားစွာ ရှိသကဲ့သို့လည်းကောင်း ဖွဲ့ဆိုကြ၏။ ရှေးဂရိလူမျိုးများသည် မိုးဦးကျရာသီပန်းများပွင့်သည်ကို ဘုမ္မစိုး နတ်သမီး၏ ချစ်သမီး သေမင်းထံမှပြန်လာ၍ ပျော်ရွှင်သော အထိမ်းအမှတ်ဖြင့် ပွင့်လေဟန်ဖွဲ့ဆို ခဲ့လေသည်။ အရှေ့တိုင်းနိုင်ငံ၌လည်း အသူရာနှင့် သိကြားတို့ စစ်တိုက်ကြ၍ မိုးရွာလေဟန်ဖွဲ့ဆိုကြ သည်။ ရာသီဘွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့စသော အဖွဲ့အမျိုးမျိုးတို့ကို မြန်မာစာပေ၌ ရှိသကဲ့သို့ အခြားစာပေများ၌လည်းရှိပေသည်။ ထိုထို အဖွဲ့မျိုးကို ဂရိတိုင်းသားတို့က လစ်ရစ်ဟူ၍အမည် တပ်ထား၏။ မြန်မာစာပေ၌ တေးထပ်ဟူသော ကဗျာ အမျိုးအစားကို အနောက်တိုင်းစာပေ၌ ဆွန်းနက် ဟူ၍ တွေ့ရ၏။ ဆွန်းနက်မှာ စာကြောင်းရေ ၁၄ ကြောင်းဖြင် ကာရန်၊ အသံ၊ စည်းမှန်အောင် စပ်ဆိုရသော ကဗျာမျိုးဖြစ်၏။ မြန်မာတေးထပ်တွင် လည်း ၁၈ ပိုဒ်ပြည့်အောင် အခံအအုပ်ကာရန်များဖြင့် စနစ်ကျအောင် ဖွဲ့ဆိုရပေသည်။ ထို့အပြင် မြန်မာ အဲချင်း၊ အိုင်ချင်း၊ တေးအရိုးအဆန်းများနှင့် ခပ်ဆင်ဆင်တူသော အနောက်တိုင်းကဗျာတစ်မျိုးကို ဗဲလက်ဟုခေါ်ကြောင်း တွေ့ရလေသည်။ ဤသို့လျှင် ဘာသာစာပေအမျိုးမျိုး၌ ကဗျာအမျိုးအမည် အမျိုးမျိုးရှိလေသည်။ စပ်ပုံဟပ်ပုံ စည်းစနစ်နှင့် အမျိုးအမည်များ ကွဲပြားခြားနားသော်လည်း ဘာသာ စာပေတိုင်း၏ ကဗျာလင်္ကာမှာ သာယာနာပျော်ဖွယ် ဖြစ်အောင် ပညာရှိတို့ ဖွဲ့စီသီကုံးထားသောစာဟုပင် အဓိပ္ပာယ်တညီတည်း ရလေသည်။
ဆရာကြီး မင်းသုဝဏ်က “ကဗျာဆိုသည်မှာ စကားလုံးတို့ကို သင့်လျော်အောင် ဖက်စပ်ဖန်ဆင်းဖွဲ့ဆိုသီကုံးထားသည့် စကားလုံးအရုပ်ကလေးများဖြစ်ပါသည်”ဟု ဖော်ညွှန်းခဲ့သည်။
ဆရာကြီးမင်းသုဝဏ်၏ နှင်းဆီပွင့်ကဗျာ
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ ။
ဆရာကြီးမင်းသုဝဏ်သည် ထိုကဗျာတွင် တစ်ဖက်သတ် ကျိတ်ပြီးချစ်နေရသောကောင်လေး၏ ခံစားချက်နှင့် ကောင်မလေးအပေါ်ထားသော အချစ်ကို ပီပီပြင်ပြင်ဖွဲ့ဆိုထားသည်။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
ဇော်ဂျီ
အထက်ဖော်ပြပါ ပိတောက်ပန်းကဗျာကို အမျိုးသားစာဆို ဆရာဇော်ဂျီ ရေးဖွဲ့ခဲ့ပြီး ၁၉၂၈ ခုနှစ် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ် ဖော်ပြခံခဲ့ရသည်။ ကျောင်းချစ်ဟူသော ကလောင်ဖြင့် ရေးသားခဲ့သည်။ အရေးအဖွဲ့၊ စိတ်ကူးစိတ်သန်း ဆန်းသစ်မှုကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။ ခေတ်ဆန်းမြန်မာစာသည် ပိတောက်ပန်းမှ ဆင်းသက်သည်ဟုပင် သတ်မှတ်ခြင်းခံခဲ့ရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မြန်မာကဗျာ လက်ရွေးစင် ဒသမတန်းနှင့်ပတ်သက်ပြီး လေ့လာကြည့်ရာ ကဗျာကိုလေ့လာရာတွင် ကဗျာအဓိပ္ပာယ်၊ ရည်ရွယ်ချက်နှင့် အလင်္ကာတန်ဆာဆင်မှုကို သိရှိ နားလည်စေရန် ရည်ရွယ်ခဲ့ကြောင်း တွေ့ရှိရသည်။ ကဗျာအပုဒ်တိုင်း၏ အဖွင့်တွင်လည်း စာဆို အကြောင်း၊ ကဗျာအကြောင်းနှင့် ကဗျာပုံစံ အကြောင်းတို့ကို ကဗျာ၏နောက်ခံကားအဖြစ် မိတ်ဆက်လမ်းခင်းပေးထားပါသည်။ တပည့်များ၏ နားနှင့်သင့် အကျဉ်းမျှ နိဒါန်းခင်းပေးလိုက်ခြင်း ဖြစ်သည်။ ယင်းအချက်က လူငယ်ကျောင်းသားများသည် ငယ်စဉ်ပညာသင်စ အရွယ်ကတည်းက ကဗျာနှင့်ရင်းနှီးနေကြောင်း ဖော်ပြနေသည်။
ကဗျာသမိုင်းနှင့်ပတ်သက်ပြီး လေ့လာကြည့်လျှင် ပုဂံခေတ်တွင် လင်္ကာစကားပြေနှစ်ထွေသော စာပေရှင်သန်ခဲ့ကြောင်းကို ယနေ့တိုင်ထောင်ချီ၍ ကျန်ရစ်ခဲ့သော ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ပေစာ စသည်တို့က သက်သေခံနေပါသည်။ လင်္ကာတွင် အစောဆုံးဟု ပညာရှင်များ လက်ခံထားသော မြကန်သာနှင့် ပုပ္ပားနတ်တောင်ဖွဲ့နှင့် အနန္တသူရိယ အမတ်ကြီးဖွဲ့သော သံဝေဂကဗျာတို့မှာ မြန်မာကဗျာ၏ သမိုင်းတွင် ထင်ရှားသောမှတ်တိုင်ကြီးများ ဖြစ်ပါသည်။
ပုဂံခေတ်နောက်ပိုင်း စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်းဟူသော မြို့ပြနိုင်ငံခေတ်သည် ပုဂံခေတ်လောက် သက်တမ်းမကြာသော်လည်း မြန်မာစာပေ ဆက်လက်ရှင်သန်ခဲ့ရာ ကဗျာတွင် ကာချင်းများ ပေါ်ထွန်းခဲ့သည်။ ထို့နောက် အင်းဝခေတ်တွင်မူ မြန်မာစာပေအဆင့် တစ်ဆင့်မြင့်သို့ လှမ်းတက်လာခဲ့ရာ ပျို့ကဗျာအများဆုံးရေးဖွဲ့သော ရွှေခေတ်ကြီးဟု ဆိုရမည်ဖြစ်သည်။ ရဟန်းရှင်လူ၊ ကျားမ မရွေး၊ မင်းမိဖုရားမှအစ၊ ကျေးလက်တောင်သူများအဆုံး အလွှာအမျိုးမျိုး၌ စာပေပညာရှင်များ ပေါ်ထွန်းလာပြီး ဂန္ထဝင်မြောက်လင်္ကာစကားပြေနှင့် ပြဇာတ်များပင် ရေးဖွဲ့လာခဲ့သည်။ တောင်ငူနှင့် ညောင်ရမ်းခေတ်များတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ တိုင်းချစ် ပြည်ချစ်စိတ် ထိန်းသိမ်းရေးအတွက် ဧချင်း၊ ရဲတင်း၊ မော်ကွန်း အဖွဲ့အနွဲ့များကို ဖွဲ့လာကြသည်။
မြန်မာစာပေသမိုင်းတွင် ထင်ရှားသော နဝဒေး ကြီး၊ လက်ဝဲသုန္ဒရ၊ စိန္တကျော်သူဦးဩ၊ မြဝတီမင်းကြီး ဦးစ တို့ကဲ့သို့သော စစ်သည်စာဆိုအကျော် အမျိုး အစားထဲတွင် မြန်မာကဗျာဆရာကြီး(ထီလာစစ်သူ)လည်း အပါအဝင်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူ၏ ကဗျာလင်္ကာများသည် မြန်မာနိုင်ငံစာပေနယ်နိမိတ် ကိုကျော်လွန်၍ ကမ္ဘာ့စာပေလောကအတွင်းသို့ ချင်းနင်းဝင်ရောက်လျက် နေရာယူခဲ့သည်။ နယ်သာလန်နိုင်ငံတွင် မဲခေါင်မြစ်မှ အိုရွက်ဝါနှင့် အခြားကဗျာများကို ၁၉၉၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ဖြန့်ချိ၍ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တက်လှမ်းသွားခဲ့သည်။ ယင်းကို ဂျပန်နိုင်ငံတွင်လည်း ဂျပန်ဘာသာဖြင့်ပင် ဘာသာပြန်ဆို ပုံနှိပ်ပြီးစီးခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း စာပေဗိမာန်သည် စာပေနှီးနှော ဖလှယ်ပွဲများနှင့် စာတမ်းဖတ်ပွဲများကို ၁၉၆၅ ခုနှစ်မှ စ၍ စတင်ကျင်းပခဲ့သည်။ ဇာတိမာန်စာပေ စာတမ်းဖတ်ပွဲသည် (၂၃)ကြိမ်မြောက် စာတမ်းဖတ်ပွဲဖြစ်သည်။ အဆိုပါစာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ မြို့မ ကျောင်းလမ်း အမျိုးသားဇာတ်ရုံတွင် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပခဲ့သည်။ ဇာတိမာန်ကဗျာစာတမ်းကို စာတမ်းရှင် (ထီလာစစ်သူ)က တင်သွင်းဖတ်ကြားသည်။ ဗြိတိသျှနယ်ချဲ့နှင့် ဖက်ဆစ်များကို တုံ့ပြန် တိုက်ခိုက်ကြသော မြန်မာ့တော်လှန်ရေးသမားများ၊ မြန်မာမျိုးချစ်စာရေးဆရာ၊ ကဗျာဆရာများ၏အခန်း ကဏ္ဍသည် ထင်ရှားစွာပေါ်ထွက်ခဲ့ပုံ၊ ဇာတိမာန် ကဗျာများသည် အမျိုးသားရေးကဗျာများပင်ဖြစ်ပုံ စသည့်အကြောင်းအချက်များ စာတမ်းတွင်ပါရှိသည်။ ၁၈၈၅ ခုနှစ် ပါတော်မူဝန်းကျင်ကာလမှ မျက်မှောက် ကာလတိုင်အောင် ကဗျာဆရာကြီးများ ရေးသား စပ်ဆိုခဲ့ကြသော ဇာတိမာန်ကဗျာများတွင် အကျုံးဝင်သည့်ကဗျာများ၊ ထိုကဗျာများကို ရေးသားစပ်ဆိုခဲ့ကြသော ကဗျာဆရာကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းကိုလည်း စာတမ်းတွင် ထည့်သွင်းဖော်ပြထားသည်။ လူငယ်များအနေဖြင့် မျိုးချစ်စိတ်ရှင်သန်ရေးအတွက် ဇာတိမာန်ကဗျာများကို ရှာဖွေလေ့လာဖတ်ရှုသင့်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments