အက်စ်တွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်လှမ်း

 




ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အက်စ်တွန်ဗီလာအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းအသီးသီးကို အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။


အက်စ်တွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်မှာ ဘိုလော့ဂ်နာအသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဆီမီး ဖိုင်နယ်တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။


နော်တင်ဟမ်ဖောရက်စ်အသင်းကတော့ ပေါ်တိုအသင်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ၊ ဒုတိယအကျော့ပွဲစဉ်မှာ တစ်ဂိုး-ဂိုးမရှိ အနိုင်ရရှိခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။


နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ အခုလို ယူရိုပါလိဂ်ဆီမီးဖိုင်နယ် အဆင့်တက်လှမ်းခွင့်ရရှိခဲ့ခြင်းဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်လှမ်းခွင့်ရရှိခဲ့ခြင်းလည်းဖြစ် ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်မှာ ပရီမီယာလိဂ်ကလပ် အက်စ်တွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။


အခြားသော ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာတော့ ဘရာဂါအသင်းနဲ့ ဖရိုင်းဘတ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းအသီးသီးကို အနိုင်ရကာ ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းခဲ့ပြီး ဒီနှစ်သင်းဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။


ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွေကို မေ ၁ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကို မေ ၈ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။


ငွေကြယ်

No comments

Powered by Blogger.