ယနေ့ကစားမည့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို အနိုင်ကစားနိုင်ရုံဖြင့် မြန်မာ ယူ-၁၇ အသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်

 



ရန်ကုန်   ဧပြီ    ၁၇


အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(B) နောက်ဆုံးနေ့ကို ဧပြီ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို အနိုင်ကစားနိုင်ရုံဖြင့် ဆီမီးဖိုင်နယ်တက်ရောက် ခွင့်ရမည်ဖြစ်သည်။


အုပ်စု(B)  နောက်ဆုံးနေ့ကို  ဧပြီ  ၁၈ ရက်  မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် တစ်ချိန်တည်းကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ လာအိုအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုသုံးခုခွဲကျင်းပနေပြီး အုပ်စုတစ်ခုစီက အမှတ်အများဆုံးတစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်း စုစုပေါင်း လေးသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်ရာ အုပ်စု (A) နှင့် (C) အနေအထားကြောင့် မြန်မာအသင်းသည် အနိုင်ကစားနိုင်ရုံဖြင့် ရမှတ် ခုနစ်မှတ်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စု (B) တွင် လာအိုအသင်းနှင့် မြန်မာအသင်းက လေးမှတ်စီ၊ ထိုင်းအသင်းက သုံးမှတ်ရထားပြီး ဖိလစ်ပိုင်အသင်းက နှစ်ပွဲစလုံးရှုံးကာ အုပ်စုမှထွက်ရပြီဖြစ်သည်။ လာအို အသင်းသည် ထိုင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို ဂိုးပြတ်အနိုင်ကစားနိုင်ပါက အုပ်စုပထမနေရာရယူနိုင်ရန်ပါ အခွင့်အရေးရှိနေသည်။


အုပ်စု (C) ပွဲစဉ်များမှာ  ဧပြီ ၁၇ ရက်က ပြီးဆုံးသွားပြီး သြစတြေးလျ အသင်းက ရမှတ် ကိုးမှတ်ဖြင့် အုပ်စုပထမရကာ ဆီမီးဖိုင်နယ်တက်ရောက် သွားပြီဖြစ်ပြီး အုပ်စုဒုတိယနေရာတွင် စင်ကာပူအသင်းက ရမှတ် လေးမှတ်ဖြင့် ရပ်တည်နေသည်။ အုပ်စု (A) တွင်လည်း အုပ်စုဒုတိယရနိုင်သည့်အသင်းက အများဆုံး ခြောက်မှတ်သာရရှိမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင် အသင်းကို အနိုင်ကစားနိုင်ရုံဖြင့် ရမှတ်ခုနစ်မှတ်ရရှိမည်ဖြစ်ရာ အကောင်းဆုံး အုပ်စုဒုတိယနေရာရရန် သေချာသွားပြီဖြစ်သည်။ လာအိုအသင်း အနိုင်မရပါက မြန်မာအသင်းအနေဖြင့် အုပ်စုပထမနေရာပင် ရယူနိုင်မည်ဖြစ်သည်။


သတင်း-ကိုညီလေး၊

ဓာတ်ပုံ-MFF      

No comments

Powered by Blogger.