ဘော်နီယိုကျွန်း ရေပေါ်ကျေးရွာ မီးလောင်မှုဖြစ်ပွားပြီး လူ ၉၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်



ကွာလာလမ်ပူ  ဧပြီ  ၂၀

မလေးရှားဘက်အခြမ်း ဘော်နီယိုကျွန်းရှိ   ရေပေါ်ကျေးရွာတစ်ရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၀၀၀  ခန့်  ပျက်စီးခဲ့ပြီး လူပေါင်း ၉၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

မီးလောင်မှုသည် ဆာဘာပြည်နယ် ဆန်ဒါခန်ဒေသတွင် ယမန်နေ့အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု    ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။

လူနေအိမ်ခြေထူထပ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့်  မီးလောင်မှုကို ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့ကြီးထွားစေခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါကျေးရွာသည် ရေပေါ်ကျေးရွာဖြစ်ပြီး  အိမ်များကို    သစ်သားတိုင်များဖြင့် တည်ဆောက် ထားကြကာ သစ်သားတံတားများနှင့် လှေများကို အသုံးပြုသွားလာနေထိုင်ကြသည်။ နှစ်ပေါင်း ၁၀၀၀ ကျော် သမိုင်းရှိသည်ဟု ယူဆကြပြီး နိုင်ငံ၏ အဆင်းရဲဆုံးနေရာအဖြစ် သတ်မှတ်ထား ကြသည်။

ယင်းနေ့ နှောင်းပိုင်းတွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်း ကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ပြည်နယ်ရဲချုပ်က ပြောသည်။ မီးလောင်မှုကြောင့် သေဆုံးသတင်း   ဖော်ပြချက်မျိုးကိုမူ မတွေ့ရသေးပေ။

အစိုးရနှင့် ဒေသအာဏာပိုင်များပေါင်းစပ်ညှိနှိုင်းပြီး အိုးမဲ့အိမ်မဲ့များအတွက် ယာယီနေအိမ်များ အပါအဝင် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားသည်။           

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.