ဘွန်ဒက်စ်လီဂါဖလားကို (၃၅) ကြိမ်မြောက် ဘိုင်ယန်မြူးနစ်အသင်း စံချိန်တင်ဆွတ်ခူး



ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၀)တွင်   စတုဂတ်အသင်းကို အကြိတ်အနယ် ကစားပြီး လေးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သောကြောင့် ဘွန်ဒက်စ်လီဂါဖလားကို (၃၅)ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ 

နည်းပြ ဗင်းဆင့်ကွန်ပနီ၏ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၃၀)အပြီးတွင်  ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တိုက်စစ်က စံချိန်တင် သွင်းဂိုး ၁၀၉ ဂိုးအထိ သွင်းယူ ရရှိထားပြီး ခံစစ်က ပေးဂိုး ၂၉ ဂိုးကိုသာ ခွင့်ပြုပေးထားရသည်။ အဆိုပါ သွင်းဂိုးများအနက် အဓိကတိုက်စစ်ကစားသမား ဟယ်ရီကိန်း၊ အိုလစ်နှင့် ဒီယက်ဇ်တို့၏ စုစုပေါင်းသွင်းဂိုးမှာ ၅၉ ဂိုး အထိရှိလာသည်။

ဟယ်ရီကိန်းသည် ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိပြီးနောက်  ၁၃၆ ပွဲ ကစားပြီး  ၁၃၉ ဂိုးအထိ  သွင်းယူထားနိုင်သည်။ ဘိုင်ယန်မြူးနစ် အသင်းသည် လက်ကျန်ပွဲစဉ်များ ကို အနိုင်ရရှိခဲ့ပါက လွန်ခဲ့သည့် ၁၃ နှစ်က ဂျက်ဟိန်း ကက်စ်စံချိန်တင်ထားသော ဘွန်ဒက်စ်လီဂါ တစ်ရာသီအတွင်း ရမှတ်အများဆုံး ၉၁ မှတ်နှင့် တူညီသွားမည်ဖြစ်သည်။      

နည်းပြကွန်ပနီ၏ ဘိုင်ယန်မြူးနစ်အသင်းသည် လွန်ခဲ့သည့် ၁၄  ရာသီအတွင်း   (၁၃)ကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ကွန်ပနီသည် ဘိုင်ယန်မြူးနစ်အသင်းကို ပွဲပေါင်း  ၁၀၃ ပွဲ  တာဝန်ယူကိုင်တွယ်ထားပြီး ၇၉ ပွဲ နိုင်၊ ၁၃ ပွဲသရေနှင့် ၁၁ ပွဲ ရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် DFB‑Pokal ဖလားပြိုင်ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင်  ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းထားနိုင်ပြီဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် DFB‑Pokal ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်  လေဗာကူဆင်အသင်းနှင့် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

အောင်ဇော်

No comments

Powered by Blogger.