မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၌ လေယာဉ်ငယ်တစ်စင်းပျက်ကျမှုကြောင့် သုံးဦးထက်မနည်းသေဆုံး



ဧပြီ ၃

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Puebla ပြည်နယ် Huejotzingo တွင် ယမန်နေ့က လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်သည် Hermanos Serdan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ပြီး မိနစ်အနည်းငယ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု Puebla မြို့၏ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

မျက်မြင်သက်သေများက လေယာဉ်သည် ဒေသတွင်းအဝေးပြေးလမ်းမကြီးအနီးတွင် ပျက်ကျသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုလေယာဉ်သည် လေယာဉ်ပညာသင်တန်းကျောင်းတစ်ခုမှဖြစ်နိုင်ကြောင်း ခန့်မှန်းထားပြီး ထိခိုက်သေဆုံးသူများ၏ အမည်အသေးစိတ်ကို ယခုအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုသိရှိရန် ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.