ကျောက်ပန်းတောင်းမြို့နယ်၌ ဒေသခံတောင်သူများအား ပြည်တွင်းထုတ် ဒီဇယ်ဆီများ ဖြန့်ဖြူးရောင်းချပေး
ကျောက်ပန်းတောင်း ဧပြီ ၂၁
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို အထူးသက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ ဧပြီ ၂၁ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ တောင်သူများကို လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုအဖွဲ့မှ ဦးဆောင်ကာ ကျောက်ပန်းတောင်းမြို့နယ် အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးစိုက်တောင်သူများအတွက် မြေယာပြုပြင်ရေး လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန် ပြည်တွင်းထုတ်ဒီဇယ်ဆီများကို တစ်ဂါလန်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ကိုင်းကျေးရွာအုပ်စုမှ တောင်သူ ၂၃ ဦး၊ မကျီးတိုင်းကျေးရွာအုပ်စုမှ တောင်သူ ၂၀ ဦးနှင့် ဈေးကုန်းကျေးရွာအုပ်စုမှ တောင်သူ ၂၅၈ ဦး၊ စုစုပေါင်း တောင်သူ ၃၁၁ ဦးတို့၏ စိုက်ဧက ၅၇၅ ဧကအတွက် စက်သုံးဆီ ဂါလန် ၅၇၅ ဂါလန်ကို လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)

No comments