ဒေးဒရဲမြို့နယ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေး
ဒေးဒရဲ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများက အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးဝင်းစိန်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများထံ ကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း

No comments