အာဖဂန်နစ္စတန်နိုင်ငံတွင် ရုတ်တရက်ရေကြီးမှုကြောင့် ခြောက်ဦးသေဆုံး
ဧပြီ ၂၃
အာဖဂန်နစ္စတန်နိုင်ငံ၏ ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားပြီးနောက် ခြောက်ဦးထက်မနည်းသေဆုံးကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
အနောက်ပိုင်း ဘတ်ဂစ်ပြည်နယ်၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ အကြီးအကဲ မော်လဝီဘာရစ်ဒက်ဆာဘာက ယမန်နေ့ညနှောင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဘာလာမာဂတ်ဘ် ခရိုင်ဒေသများတွင် ရေကြီးမှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။
ဘတ်ဂစ်ပြည်နယ်တွင် ရေကြီးမှုများကြောင့် ကလေးသုံးဦးနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ရေဘေးသင့်နေရာများရှိ လူနေအိမ်များနှင့် စိုက်ပျိုးမြေများ သိသိသာသာပျက်စီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်မြောက်ပိုင်း ဆာမန်ဂန် ပြည်နယ် Dara-i-Suf Payin ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ယနေ့တွင် ရေကြီးမှုအတွင်း လူတစ်ဦး ပိတ်မိသေဆုံးခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
မြောက်ပိုင်း ဖာရတ် ပြည်နယ်၏ ဒေသအချို့တွင်လည်း ရေကြီးမှုများ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံ၏ဒေသအချို့တွင် မိုးရွာသွန်းမှုနှင့် ရေကြီးမှုများ ပိုမိုဖြစ်ပွားမည်ဟု မိုးလေဝသဌာနက ယနေ့အတွက်ခန့်မှန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments