ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၆ ခုနှစ် မတ်လအထိ မှတ်ပုံတင်ထားသော လျှပ်စစ်ကားအစီးရေ ၁၁၆၅၆ စီး ရှိလာ



ဧပြီ ၂၃

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ လျှပ်စစ်ကား (EV) စုစုပေါင်း ၁၁၆၅၆ စီး မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖန်ရင်မ်က ယနေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် ယခုနှစ် မတ်လအထိ မှတ်ပုံတင်ထားသော လျှပ်စစ်မော်တော်ဆိုင်ကယ် ၃၈၃၂ စီးနှင့် လျှပ်စစ်သုံးဘီးကား ၇၂၂ စီး ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယခုနှစ် မတ်လတွင် EV မှတ်ပုံတင်မှု သိသိသာသာ မြင့်တက်လာကြောင်းနှင့် တစ်လအတွင်းမှာပင် EV စုစုပေါင်း ၁၆၇၆ စီး မှတ်ပုံတင်ထားကြောင်း ၎င်းက ဆင်ဟွာသတင်းဌာနကို ပြောကြားသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားမှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာပြီးနောက် EV များကို ပိုမိုအသုံးပြုလာကြကြောင်း ဖန်ရင်မ်က ပြောကြားခဲ့သည်။

ယနေ့တွင် ဒီဇယ်တစ်လီတာလျှင် ရီယယ် ၅၇၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂ ခန့်) ကုန်ကျပြီး ပုံမှန်ဓာတ်ဆီဈေးနှုန်း ရီယယ် ၄၉၅၀ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

လျှပ်စစ်ကားများအသုံးပြုခြင်းသည် လောင်စာဆီကုန်ကျစရိတ်ကို သက်သာစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည်ဟု ၎င်းက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.