မွန်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)နှင့် သားဖွားသင်တန်းကျောင်း(မော်လမြိုင်)တို့မှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ

 



မော်လမြိုင် ဧပြီ ၂၂


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် သူနာပြု သင်တန်းကျောင်း (မော်လမြိုင်)နှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)တို့မှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသားဖွား ဆရာ ဆရာမများသည် အနစ်နာခံခြင်း၊ သည်းခံခြင်း၊ စေတနာထားခြင်း၊ ကြင်နာသနားခြင်း၊ ကရုဏာထား ခြင်းဆိုသည့် အရည်အသွေးများ ပိုင်ဆိုင်ထားပြီး လူမျိုးဘာသာ၊ အသားအရောင်၊ အဆင့်အတန်း မခွဲခြားဘဲ ပြုစုမှုပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်သူအားလုံးသက်တမ်း စေ့အသက်ရှည်စွာ နေထိုင်ရေးနှင့် ရောဂါဘယများ ကင်းရှင်းစေရေး အတွက် မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာစွမ်းအား၊ ကာကွယ်စောင့်ရှောက်ပေးရမည့် လူနာများအပေါ် စိတ်စေတနာ အပြည့်ဖြင့် တာဝန်ယူပြုစုပေးနိုင်မည့် သူနာပြု သားဖွားကောင်းများ ဖြစ်စေရန် ရည်မှန်းချက်ထားရှိ သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူ အိပ်ဆောင်၊ လက်တွေ့ခန်း၊ သူနာပြုသင်တန်း ကျောင်းရှိ သင်ကြားရေးသရုပ်ပြ ပစ္စည်းများပြခန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ ပင်စင် လာရောက် ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များကို ကိုယ်ရေးအချက်အလက်၊ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးနေမှုနှင့် အငြိမ်းစား ဝန်ထမ်းများကို အ‌ခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင် မြို့နယ်ရှိ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ဝိုင်း၌ စာတတ်‌မြောက်ရေး သင်ကြား၊ သင်ယူနေမှုတို့ကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားကာ စာသင်ဝိုင်းများအတွက် စားသောက်ဖွယ်ရာများနှင့် စာရေးကိရိယာများ ပေးအပ်သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ ကျိုက်သုတ် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်း များကပ်လှူပြီး စာသင်ဝိုင်းများတွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး သင်ကြား၊ သင်ယူနေမှုတို့ကို ကြည့်ရှုအားပေး၍ စား‌သောက်ဖွယ်ရာများနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.