ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) ရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ



နေပြည်တော် ဧပြီ ၂၉

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်ပမှ စွမ်းအင်သွင်းကုန်များလျှော့ချပြီး ပြည်တွင်း စွမ်းအင် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆိုင်ရာကိစ္စရပ်များကို ရေတို/ ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းတွင် ရေနံထွက်ပစ္စည်းများကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန် ခေတ်မီရေနံချက် စက်ရုံအသစ်တည်ဆောက်ခြင်း၊ ပြည်တွင်းရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အထွက်တိုးလုပ်ငန်းများ ဆောင်ရွက်စေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

 

ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ ပါးလွှာသဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ ယမန်နေ့တွင် သဘာဝဓာတ်ငွေ့ ကုဗပေ နှစ်သန်းခန့်ထုတ်လုပ်နိုင်ခဲ့သည်။ လက်ရှိတိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များအား ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းမှတစ်ဆင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေး ဖြန့်ဖြူးပေးလျက်ရှိသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ အဖျောက်၊ မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများ တွင် ပါးလွှာသဲကြောများကို သုတေသနပြု ဆန်းစစ်ပြီး ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ CNG သုံး မော်တော်ယာဉ်များ၊ ဓာတ်မြေဩဇာစက်ရုံများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အတွင်းရှိ စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည် စက်ရုံများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍတို့တွင် ဖြန့်ဖြူးသုံးစွဲလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.