နှစ်ဆယ်ရာစု အထူးခြားဆုံးသော ဆဋ္ဌသင်္ဂါယနာမော်ကွန်း
မော်ကွန်းစာပေ
မော်ကွန်းစာအလင်္ကာဆိုသည်မှာ
နောင်လာနောက်သားများ အစဉ်အဆက် မှတ်သားနိုင်စေရန် ထိုခေတ် ထိုကာလအတွင်း
မျက်မြင်ကြားသိရတွေ့ဆုံခဲ့ရသော ကိစ္စရပ်များကို မှတ်တမ်းတင် ရေးသားထားသော
စာပေအမျိုးအစားဖြစ်ပေသည်။
စစ်ရေး၊
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သာသနာရေး၊ ဘာသာရေးစသည့် အကြောင်းအရာများအလိုက်ကို
စာဆိုက ရေးဖွဲ့ခြင်းဖြစ်သည်။
အထူးဝိသေသအနေနှင့်ကား
မော်ကွန်းကို မင်းနှင့်ဆက်စပ်သော ထူးခြားထင်ရှားသော အကြောင်းအရာ ဖြစ်ရပ်များကိုသာ
ရေးဖွဲ့ကြမြဲ ဖြစ်ပြန်သည်။ မော်ကွန်းစာပေများထဲတွင် ထင်ရှား သော မော်ကွန်းများမှာ-
ရွှေနန်းတည်မော်ကွန်း(ရှင်မဟာသီလဝံသ)
တန်တားဦးတည်
မင်္ဂလာမော်ကွန်း (ရှင်မဟာရဋ္ဌသာရ)
ပုံတောင်နိုင်မော်ကွန်း
(ရှင်မဟာရဋ္ဌသာရ)
ရတနာပြောင်
မွန်ဆင်တော်မော်ကွန်း (ရှင်သံခို)
နိဗ္ဗာနပစ္စဆင်တော်မော်ကွန်း
(လက်ဝဲသုန္ဒရ ဦးမြတ်စံ)
ပြည်စုန်မော်ကွန်း (ရှင်ထွေးညို)
မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း
(ဝက်မစွတ်မြို့စား ဒုတိယနဝဒေး)
တရုတ်သံရောက်မော်ကွန်း
(ဝက်မစွတ်မြို့စား ဒုတိယနဝဒေး)
ရတနာနဒီမော်ကွန်း(စလေဦးပုည)တို့ဖြစ်ပေသည်။
အင်းဝခေတ်မှသည်
ကုန်းဘောင်ခေတ်ထိတိုင် မော်ကွန်းစာဆို ၆၂ ဦးနှင့် မော်ကွန်းစောင်ရေ ၁၂၃
စောင်ကိုတွေ့ရကြောင်း မော်ကွန်းသုတေသီကျမ်းပြု ဦးစောလွင် (လွင်မြန်မာ-
မန်းတက္ကသိုလ်) ၏ မှတ်တမ်းကို တွေ့ရပါသည်။
အချို့သော
မော်ကွန်းများမှာ စာဆိုအမည် မထင်ရှားပေ။ ပေမူကူးရာတွင် အမည်မသိစာဆိုဟု ထည့်ရသည့်
မော်ကွန်းများရှိပေသည်။
ကုန်းဘောင်ခေတ်နှောင်းနှင့်
လွတ်လပ်ရေးရပြီးစထိ မှတ်တမ်းတင်မော်ကွန်းစာဆို နှစ်ဦးမှာ ပုဂံဝန်ထောက် ဦးတင် (၁၂၂၃-၁၂၉၅)
နှင့် အဂ္ဂမဟာ ပဏ္ဍိတ ဦးလင်း (၁၂၃၆-၁၃၁၆) ဟူ၍ နှစ်ဦးရှိခဲ့ပေ သည်။
ဆရာကြီးဦးတင်က
တရားမွန်မော်ကွန်း၊ ဘုန်းတော်မော်ကွန်း၊ အာဏာပါဏာမော်ကွန်းတို့ကို ရေးဖွဲ့ခဲ့သည်။
ဆရာကြီးဦးလင်းကမူ ရွှေတိဂုံစေတီတော် စိန်ဖူးတော်တင် မော်ကွန်းဖြစ်ပေသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း
မော်ကွန်းစာများတွင် သာသနိက အဆောက်အအုံဆိုင်ရာများကို အကြောင်းပြု၍
ရေးဖွဲ့ကြသည်များရှိပါ၏။ သို့သော် ကိုယ့်အရပ်ကိုယ့်ဇာတ်ဆိုသလိုပင် သာမန်သာဖြစ်
ကြသည်။ တော်ဝင်ဂန္ထဝင်မြောက်မော်ကွန်းအဖြစ် မသတ်မှတ်နိုင်ပေ။
သာသနာတော် ၂၅ဝဝ
ပြည့် ဆဋ္ဌသင်္ဂါယနာတင်သော ပွဲကြီးကား မြန်မာသာမက ဗုဒ္ဓဘာသာနှင့်ချီ၍ ပြောရပါမူ
ကမ္ဘာတွင်ထင်ရှားခဲ့သော ပွဲကြီးဖြစ်ပါသည်။ ထိုအကြောင်းအရာကို ရေးဖွဲ့ခဲ့သော
မော်ကွန်းကြီး တစ်စောင်ရှိပေသည်။
၂ဝ ရာစု
တစ်ဝက်ကျိုးကာလ ပေါ်ပေါက်ခဲ့သော ထူးခြားကောင်းမွန်လှသည့် မော်ကွန်းကြီးမှာ
သာသနာ့အလင်းရောင် ဦးဖေမြင့်ရေးဖွဲ့သည့် ဆဋ္ဌသင်္ဂါယနာမော်ကွန်းဖြစ်ပေသည်။ ၁၃၁၈
ခုနှစ် ကဆုန်လပြည့်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဆဋ္ဌသင်္ဂါယနာအောင်ပွဲသဘင်နှင့် သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ် ထုတ်ဝေခဲ့သည်။
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့
ပါဠိမြန်မာပညာရှင် ဆဋ္ဌသင်္ဂါယနာ ပဋိဝိသောစက မေဓာဝီဆရာဆိုင်က တည်းဖြတ်၍ သာသနာ့ဓဇ
သီရိပဝရ ဓမ္မာစရိယ ပါဠိဆရာကြီး ဦးထွန်းသိန်းက ကြီးကြပ်သည်။ ဣစ္ဆာသရ
ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ပေသည်။
မော်ကွန်းပါ
အကြောင်းအရာမှာ-
(၁) ဘုရားလောင်း
သုမေဓာဘဝ နိယတ ဗျာဒိတ်ခံယူသည်မှစ၍ ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်တော်မူသည်အထိ ပထမပိုင်း၊
(၂)
ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမ သင်္ဂါယနာမှ စတုတ္ထသင်္ဂါယနာအထိ ဒုတိယပိုင်း၊
(၃)
မြန်မာနိုင်ငံတော် ရှေ့အစဉ်အဆက် မင်းဆက်မင်းစဉ်မှစတင်၍ ပဉ္စမသင်္ဂါယနာအထိ
တတိယပိုင်း၊
(၄)
ပါတော်မူပြီးနောက် ကိုလိုနီခေတ်မှသည် လွတ်လပ်ရေးရပြီး ဆဋ္ဌသင်္ဂါယနာ
ပြီးမြောက်သည်အထိ စတုတ္ထပိုင်းဟူ၍ အပိုင်း(၄)ပိုင်းကို ရေးဖွဲ့ထားလေသည်။
ထိုသို့
သင်္ဂါယနာသမိုင်းကြောင်းများကို သီကုံးရာ၌ ပိဋကတ်တော်မှသည် မဟာဝန်၊ သာသနာဝန်၊
ရာဇဝင်၊ သမိုင်းစဉ်များကို အချက်အလက်ပေါင်းများစွာဖြင့် ဖော်ပြထားလေသည်။
မော်ကွန်းစာအုပ်အမှာစာ
(အနုမောဒနာ ကထာ) ကို တိပိဋကဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တ သာရာဘိဝံသ
မင်းကွန်းဆရာတော်ဘုရားကြီးက ရေးသားထားလေသည်။
စာအုပ်၏
ထူးခြားချက်မှာ မာတိကာကို ဖော်ပြရာ၌ ပျို့လင်္ကာသွားဖြင့် ရေးသားထားခြင်းဖြစ်ပေသည်။ စာရေးသူလေ့လာမိသလောက် ခေတ်အဆက်ဆက် ပျို့၊ လင်္ကာ၊ ဧချင်း၊
မော်ကွန်း၊ ရတုအစုစုတို့၏ မာတိကာစဉ်များသည် ဤဆဋ္ဌသင်္ဂါယနာ မော်ကွန်းပါ
နိဒါန်းကဲ့သို့ လင်္ကာစဉ်နှင့် ရေးသားထားချက်ကို ယနေ့တိုင် မတွေ့သေးဖူးပေ။
သာဓကပြုရပါက
ဘုရားလောင်း ဗျာဒိတ်ယူခဲ့သည်မှသည် ပါရမီအဆင့်ဆင့် ဖြည့်ကျင့်တော်မူ၍ ဘဒ္ဒကမ္ဘာတွင်
ဂေါတမဘုရားရှင်အဖြစ် ပွင့်ထွန်းလာကာ ပရိနိဗ္ဗာန်ပြုပြီး အဇာတသတ်မင်း ပထမ
သင်္ဂါယနာတင်သည်အထိကို-
(၁) နိယာတဗျာဒိတ်၊
စာမျက်နှာ ၁
အောင်ဘိသိက်ခံ....
(၂) စံနေမွေ့လျော်၊
စာမျက်နှာ ၂
နတ်နန်းပျော်ခဲ့...
(၃) မယ်တော်ကြာနန်း၊
စာမျက်နှာ ၃
သန္ဓေမြန်းလျက်.......
(၄)
ဘုန်းပန်းဘွားမြင်၊ စာမျက်နှာ ၄
သိဒ္ဓက်တွင်၍........
(၅) ရှုမြင်နိမိတ်၊
စာမျက်နှာ ၆
သံဝေစိတ်ဖြင့်.... စသည်ဖြင့် မာတိကာစဉ် (၁၅)ခုဖြင့် ဖော်ပြထားပေသည်။
သာသနာ ၂၅၀၀ အတွင်း
ခေတ်အဆက်ဆက် ဗုဒ္ဓဝင်၊ သာသနာဝင်၊ ဒီပဝင်၊ ရာဇဝင်၊ သမိုင်းစဉ်များ ဖြင့်
မာတိကာစဉ်အောက်တွင် အကျယ်တဝင့် ရေးဖွဲ့ထားပေသည်။
၃၃။ မန္တလာဇေယျ၊
စာမျက်နှာ ၄၅
ဘုန်းရောင်ခ၍.....
၃၄။ ပဉ္စမသံဂါ၊
စာမျက်နှာ ၄၆
ဒါယကာတည့်….
၃၅။ မြန်မာပြည်ဝယ်၊
စာမျက်နှာ ၄၇
သီပေါကွယ်သော်.....
၃၆။ သွယ်သွယ်ပါပ၊
စာမျက်နှာ ၄၉
ယှဉ်ပြိုင်ကြ၍....
၃၇။ မြန်မာ့ဂျာပန်၊
စာမျက်နှာ ၅၀
ပူးပေါင်းပြန်လည်း.....
စသည်ဖြင့်
မာတိကာစဉ်ကို ဖော်ပြရာ ကိုလိုနီခေတ် ဇာတိမာန်တက်ကြွသော အမျိုးသားရေးသမားများ (conservative)က ဦးဆောင်၍ သခင်အသင်းများ ဖွဲ့ကြပုံ၊ ရဲဘော်သုံးကျိပ်ပေါ်ပေါက်လာပုံ၊
ဒေါ်မန်စမစ်၊ နေသူရိန်အစည်းအဝေးပွဲကြီး၊ ဖဆပလအဖွဲ့ချုပ်၊ ဆာဟူးဘရန့်၊
အောင်ဆန်းအက်တလီ စာချုပ် ချုပ်ဆိုမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှု၊ နု-အက်တလီစာချုပ်
ချုပ်ဆိုမှု၊ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှု၊
လွတ်လပ်ရေးရရှိမှုစသည်များကို မာတိကာစဉ် ၃၇ မှ ၄၁ ကြားတွင်ရေးဖွဲ့သွားရာ
လွတ်လပ်ရေးသမိုင်း၊ တပ်မတော်သမိုင်း၊ အခြေပြ မြန်မာ့သမိုင်းစသည်များကို အတွဲလိုက်
အတွဲလိုက် ဖတ်နေရသကဲ့သို့ ခံစားသိရှိရပေသည်။
ထိုသို့ပင်
ဆဋ္ဌသင်္ဂါယနာတင်ရန် ဖြစ်ပေါ်လာသော ဂမ္ဘီရဆန်ဆန်ဖြစ်ရပ်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဦးနု ဦးဆောင်သောအစိုးရအဖွဲ့များ၊ ဆာဦးသွင်၊ ချပ်သင်းသဌေး၊ ဟင်္သာတဦးမြ၊ ဝန်ကြီး
ဦးဘဂျမ်း၊ တရားရေးချုပ် ဦးချန်ထွန်း၊ သီရိပျံချီ ဦးသန်းစိန်၊ ဦးလှကျော်၊
သာသနာရေးဆိုင်ရာ ဦးဝင်း၊ ဦးပွင့်ကောင်း၊ ဝန်ကြီးချုပ် ဦးနု၏ ဇနီးဒေါ်မြရီ စသည်တို့ကို အကြောင်းအရာအလိုက် ကာရန်မိမိ အနက်
အဓိပ္ပာယ်ရှိရှိ ရေးစပ်ထားရာ စကားပြေကိုဖတ်နေရသကဲ့သို့ ပြေပြစ်လှပေသည်။
ထိုခေတ်
ဗုဒ္ဓသာသနနုဂ္ဂဟအသင်းမှသည် သာသနာရေးအဖွဲ့အစည်း၊ ပါဠိပထမပြန် အက်ဥပဒေ ပြဋ္ဌာန်းမှု၊ သာသနာရေးဝန်ကြီးဌာန
ဖြစ်ပေါ်လာပုံ၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်၊ ထေရဝါဒ (၅) နိုင်ငံအပြင်အခြားနိုင်ငံများမှလည်း
ရဟန်းတော်များကို ပင့်ဆောင်ပုံ၊ ပိဋကတ်တော်များ ကို ပဉ္စမသင်္ဂါယနာတင် ကျောက်စာတော်မူများနှင့်
တိုက်ဆိုင်ပုံ၊ သံဃာတော်များ ရာဇနံအနုဝတ္တိတုံ ဆိုသည့်အတိုင်း ပိန္နဲရောင်သင်္ကန်း
အရောင်တူ ဝတ်ဆင်ကြပုံစသည်များဖြင့် ရေးဖွဲ့ထားလေသည်။
ပျို့၊ ဧချင်း၊
မော်ကွန်း၊ လင်္ကာတို့တွင် ထိုအချိန်တွင် ကျရောက်သော ဂြိုဟ်၊ လ၊ နက္ခတ်တာရာ၊ ရာသီ၊
ဘာဝ၊ တြင်း၊ နဝင်း၊ တိထီ၊ စန်းယှဉ်စသည့် ရာသီခွင်များကိုလည်း
ပန္နက်တင်မင်္ဂလာအခါတော်၊ အုတ်မြစ်ချမင်္ဂလာအခါတော် စသည်တို့ကို ဝေဒပညာသုတေသီများ
လေ့လာလိုက်စား၍ မကုန်ရှိလှပါသည်။
……. သာသနာ၌
မြန်မာ့ကျက်သရေ၊ ခေတ်ဟောင်းဖွေလျက်၊
ထွေထွေဒေါသ၊ ကင်းစင်ပါသည့်၊ ရသ, ဂုဏ်မြောက်
မော်ကွန်းဆောက်၍ ပြီးမြောက်နိဂုံး၊ ကမ္ပတ်ဖုံးလျက်၊ စဆုံးကြိုင်လှိုင်၊
ဖူးညွန့်ဆိုင်သည်။။ ကြံ့ခိုင် နေ,လ, တမျှတည်း။ မြန်မာ့စကားပြေ၊ ဖူးညွန့်ဝေလျက်၊
ထူးထွေပြန့်ပြော၊ လွန်ကျော်ဇော်သည့်၊ “ဦးဩဘာသ”, မြတ်ထေရ်ရ၏။ နွယ်မှဆင့်ကူး၊ မြို့မင်းဘူးလျှင်၊ တင့်ထူးဇာတိ၊ ဘွားရာရှိသား၊
နှံ့သိနာမ၊ သဘာဝကို၊ သတ္တမမြောက် သရ, နောက်၌၊ ဆိုက်ရောက်
ပဝဂ်……. စသည်ဖြင့် နိဂုံးချုပ်ထားရာ ပဟေဠိတစ်ခု ဖြစ်နေပေသည်။
စာဆို၏
မော်ကွန်းစာအုပ်မာတိကာစဉ် ပိုဒ်ရေမှာ နဝင်းကျေပိုဒ်ရေ ကိုးဆယ်ရှိသည်။
အချို့စာပိုဒ် များ၏ အောက်ခြေမှတ်စုများကို ပြထားသည်လည်း ရှိပေသည်။
ထိုဆဋ္ဌသင်္ဂါယနာတင်မော်ကွန်းမှာ
ယခုအချိန်တွင် လူသိနည်းလေပြီး ရှားပါးစာအုပ်စာရင်းဝင် ဖြစ်သည်။ ၂၀၂၆ ခုနှစ် မတ်လ
၁၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ် (၇၀)
ပြည့်အထိမ်းအမှတ် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် ဩဝါဒါစရိယသောဠသမ
ရွှေကျင်သာသနာပိုင် ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာဘဒ္ဒန္တဉာဏိ ဿရက တစ်ချိန်က မဂိုလမ်းထိပ်ပလက်ဖောင်း၌ ငွေ (၂) ကျပ်ဖြင့်
ဝယ်ခဲ့သော စာအုပ်အကြောင်းကို မိန့်၍ ထိုစာအုပ်ကို ပြန်လည်ရိုက်နှိပ်ရန်လိုကြောင်း
မိန့်မှာကြားခဲ့သည်။
ဤသည်ကို
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကြိုညှိနှိုင်း
အစည်းဝေးတွင် စာမူကို ပြန်လည်ရိုက်နှိပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍
ဤဆောင်းပါးကို ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်ပွဲကို
ဂုဏ်ပြု၍ ရေးသားတင်ပြအပ်ပါသည်။ အုပ်ရေ ၂၅၀၀ ရိုက်နှိပ်မည်ဖြစ်ပြီး သာသနာရေးနှင့်
ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထုတ်ဝေသွားမည်ဖြစ်ပါသည်။
No comments