၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုယိုတာကား ကမ္ဘာလုံးဆိုင်ရာ အရောင်းစံချိန်တင်
ဧပြီ ၂၇
၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာတစ်ဝန်းစံချိန်တင် တိုယိုတာကားအစီးရေ ၁၀ ဒသမ ၄၈ သန်း ရောင်းချခဲ့ရာ ယခင်နှစ်ကထက် နှစ်ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တိုယိုတာမော်တာကော်ပိုရေးရှင်းက ယနေ့တွင်ပြောကြားခဲ့သည်။
အဓိကအားဖြင့် မြောက်အမေရိကတွင် hybrid ကားများအတွက် မြင့်မားသော ဝယ်လိုအားကြောင့်ဖြစ်ပြီး အမေရိကန်၏ ကြီးမားသောအခွန်ကောက်ခံမှုများ၏ ဆိုးကျိုးသက်ရောက်မှု ရှိနေသော်လည်း ရောင်းအားတိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ဘဏ္ဍာရေးနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ကားအစီးရေ ၉ ဒသမ ၈၉ သန်း ရှိကာ နှစ်နှစ်အတွင်း ပထမဆုံး တိုးတက်မှုဖြစ်သည်ဟု သိရသည်။
ကမ္ဘာ့အကြီးဆုံး မော်တော်ကားထုတ်လုပ်သူ၏ ပြောကြားချက်အရ ပြည်ပအရောင်း စံချိန်တင် ၉ သန်း ရှိကာ နှစ်အလိုက် ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ပြည်ထောင်စုတွင် အရောင်းမှာ ၇.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကားအစီးရေ ၂ ဒသမ ၅၂ သန်း ရှိခဲ့သည်။
တရုတ်ကားထုတ်လုပ်သူများ၏ အရေးပါမှု တိုးလာမှုကြောင့် တရုတ်နိုင်ငံတွင် ရောင်းအား ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး ကားအစီးရေ ၁ ဒသမ ၇၆ သန်း သာ ရောင်းချနိုင်ခဲ့သည်။ ဂျပန်ပြည်တွင်းဈေးကွက်တွင် ရောင်းအား နှစ်ရာခိုင်နှုန်း ကျဆင်းပြီး ကားအစီးရေ ၁ ဒသမ ၄၇ သန်း ရောင်းချနိုင်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားရောင်းအားသည် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာပြီး စံချိန်တင် ၅ ဒသမ ၀၄ သန်းအထိ ရှိလာကြောင်း ကားထုတ်လုပ်သူက ပြောကြားခဲ့သည်။
မတ်လတစ်လတည်းတွင် တိုယိုတာ၏ ကမ္ဘာလုံးဆိုင်ရာရောင်းအားသည် ယခင်နှစ်ကထက် ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး ကားအစီးရေ ၈၉၇၈၇၁ စီးရောင်းချနိုင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ရာ ကား ၉၀၂၂၁၀ စီးအထိရောက်ရှိကာ ယင်းလအတွက် စံချိန်တင် မြင့်မားခဲ့သည်။
ဒေသတွင်း ပဋိပက္ခများကြောင့် အရှေ့အလယ်ပိုင်းတွင် ရောင်းအားမှာ ၃၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းကာ ကား ၃၃၉၁၉ စီးအထိ ရှိလာခဲ့ပြီး အမေရိကန်၏ ရောင်းအား ၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကာ ကား ၂၁၁၆၁၇ စီးအထိ ရှိလာခဲ့ပြီး ပြီးခဲ့သည့်နှစ်က အခွန်မဆောင်မီ ဝယ်ယူမှုများ မြင့်တက်လာပြီးနောက် ပြန်လည်ကျဆင်းလာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
မတ်လတွင် ဂျပန်မှ အရှေ့အလယ်ပိုင်းသို့ တင်ပို့မှု ယခင်နှစ်ကထက် ၄၆ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ကား ၁၇၁၂၂ စီးအထိ ရှိလာကြောင်း ကားထုတ်လုပ်သူက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments