ချင်းပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား တက်ရောက်
ဟားခါး ဧပြီ ၂၃
၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆− ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်သူကို တိုက်ရိုက်အကျိုးရှိစေမည့် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း၊ နတလနယ်စပ်လမ်း၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြလမ်း၊ ပြည်ထောင်စုလမ်းနှင့် ပြည်နယ်လမ်းများ ဆောင်ရွက်ရန် ငွေလုံးငွေရင်းရန်ပုံငွေ၏ ၄၁ ရာခိုင်နှုန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေးအတွက် ရှစ်ရာခိုင်နှုန်း၊ မြို့ပြနှင့်ကျေးလက် မီးရရှိရေး လုပ်ငန်းအတွက် ကိုးရာခိုင်နှုန်းနှင့် အခြား တည်ဆောက်ရေး လုပ်ငန်းများအတွက် ၂၁ ရာခိုင်နှုန်း ထည့်သွင်း လျာထားပါကြောင်း၊ ယနေ့အခမ်းအနားမှ တာဝန်ပေးအပ် လိုက်သည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီများက စနစ်တကျ စီမံချက်များရေးဆွဲ၍ တွန်းအား ပေးဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် စီမံကိန်းဦးစီးဌာနချင်းပြည်နယ်ဦးစီးမှူးက ၂၀၂၆− ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းဥပဒေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပေးအပ်ရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments