ရေကြီးရေလျှံမှုအပြီး တောင်အာဖရိကတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်



ကိဗ်တောင်း   ဧပြီ   ၂၂

တောင်အာဖရိကနိုင်ငံတွင်    မိုးသည်းထန်စွာရွာသွန်းမှုနှင့်  ရေကြီးရေလျှံမှုများ   ဖြစ်ပွားပြီးနောက် ပြည်နယ်အချို့၌ ငှက်ဖျားရောဂါဖြစ်ပွားမှုများ စိုးရိမ်ဖွယ်ရာမြင့်တက်လာကြောင်း ကျန်းမာရေး အာဏာပိုင်များက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ဂေါ်တင်းပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုများ  သိသာထင်ရှားစွာမြင့်တက်လာပြီး ယခုနှစ် ပထမသုံးလအတွင်း အတည် ပြုလူနာ ၄၁၄ ဦးနှင့် သေဆုံးသူ ၁၁ ဦးရှိလာကြောင်း၊ ယင်းသည် ယမန်နှစ်အလားတူကာလတွင် ဖြစ်ပွားသူ  ၂၃၀ နှင့် သေဆုံးသူ တစ်ဦးနှင့်နှိုင်းယှဉ်ပါက သိသိသာ သာ မြင့်တက်လာခြင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း ဂေါ်တင်းပြည်နယ်အတွင်း ကူးစက်ခံရသူအများစုမှာ လင်မ်ပိုပို၊ အမ်ပူမာလန်ဂါနှင့် ကွာဇူးလူ - နာတဲလ် ကဲ့သို့သော ငှက်ဖျားရောဂါဖြစ်ပွားရာဒေသများမှ သို့မဟုတ် ပြည်ပမှကူးစက် လာသူများဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများသည် ငှက်ဖျားရောဂါကူးစက်မှုကို ပိုမိုမြင့်တက် စေကြောင်း၊ အထူးသဖြင့် အမ်ပူ မာလန်ဂါပြည်နယ်တွင် ဇန်နဝါရီလအတွင်း   ကူးစက်ခံရသူ  ၃၀၀ ကျော်ရှိခဲ့ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း ကူးစက်မှုများ တိုးလာနေကြောင်း ကူးစက် ရောဂါဆိုင်ရာ   အမျိုးသားအင်စတီကျု (NICD) က ထုတ်ပြန်ခဲ့သည်။

ငှက်ဖျားရောဂါသည် ကြိုတင်ကာကွယ်နိုင်ပြီး ကုသ၍ရနိုင်သော်လည်း  ဆောလျင်စွာမစစ်ဆေးနိုင် ပါက ပြင်းထန်စွာဖျားနာမှုနှင့် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူ များက သတိပေးထားသည်။   

ဆင်ဟွာ

No comments

Powered by Blogger.