မြစ်ကြီးနားမြို့ လေပြင်းတိုက်ခတ်မှုကြောင့် ရုံး၊ ဌာန၊ အများပြည်သူသွားလာရာနေများတွင် သစ်ပင်ကြီးများ၊ ဓာတ်တိုင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းတို့ဖြစ်ပေါ်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ဖယ်ရှားရှင်းလင်း

 




မြစ်ကြီးနား ဧပြီ ၂၆


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယမန်နေ့ ည ၁၀ နာရီခွဲ မှစတင်၍ ည ၁၁ နာရီအထိ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျ၍ ရုံး၊ ဌာနများနှင့် အများပြည်သူများသွား/ လာရာနေများတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကွင်းဆင်းကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုမြောက် ရပ်ကွက် ဇော်ဂျွန်းလမ်းပေါ်ရှိ မန္တလေးဘုန်းတော်ကြီး ကျောင်းအနီးတွင် မလေးရှားပိတောက်ပင်လဲကျ၍ ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်း ဂိတ်ပေါက်၌ လုံခြုံရေးအဆောက် အအုံအပေါ် တမာပင်လဲကျမှုကြောင့် မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များက ဖယ်ရှား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ ရုံးဝင်းအတွင်းရှိ သစ်ပင်ကြီးများပါ ခုတ်ထွင်ရှင်းလင်းထားရှိရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်နယ်အားကစားကွင်း အရှေ့ဘက်ရှိ ညာဘက်ခြမ်းပွဲကြည့်စင်အမိုး (အလျားပေ ၁၅၀၊ အနံပေ ၄၀ )ရှိ အမိုးအချပ်လိုက် ကားလမ်းမကျော်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအတွင်း ကျရောက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဧရာဝတီဂရုဏာ ဖောင်ဒေးရှင်း၊ ရွှေမေတ္တာလူမှုကူညီရေး အဖွဲ့စသည့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက တက်ကြွစွာ ဖယ်ရှားရှင်းလင်းပေးနေမှုများကို လိုက်လံကြည့်ရှုစစ် ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အဖွဲ့အစည်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။


ယင်းနောက် ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်အခွန်ဦးစီးမှူးရုံးရှေ့ ဇော်ဂျွန်းလမ်းမပေါ် တွင် လျှပ်စစ်ဓာတ်တိုင် လဲကျနေမှုကို လျှပ်စစ်ဝန်ထမ်းများနှင့် ဘူးဂါးကုမ္ပဏီမှ ဝန်ထမ်းများ အစားထိုး ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာ ရပ်ကွက် အထက (၁)နှင့် အထက (၉) အကြားရှိ သစ်ပင်ကြီးလဲကျခြင်း၊ ဧရာရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် သစ်ပင်ကြီးလဲကျခြင်း၊ ရန်ကြီးအောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး အိမ်စီးကားတစ်စီး အပေါ် အပင်လဲကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် မြို့ပေါ်ရပ်ကွက်များတွင်လည်း သစ်ပင်ကြီးများ လဲကျခြင်းဖြစ်ပေါ်ခဲ့ပြီး အလားတူ မိုးကောင်းမြို့နယ် အတွင်း နမ္မတီး၊ မိုးကောင်းတို့တွင်လည်း လေပြင်း တိုက်ခတ်မှုကြောင့် အပင်ကြီးများ လဲကျခြင်းနှင့် အတူ အဆောက်အအုံများ ထိခိုက်ခဲ့ကြောင်း သိရသည်။


တက်ရောက်အားပေး


ထို့ပြင်ရှမ်းမျိုးနွယ်စုဝင် လူငယ်လူရွယ်များ ရှမ်းစာပေနှင့်စကား ပိုမိုလေ့လာနိုင်ရေးအတွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (တိုင်းလုံ)က ကြီးမှူး၍ ဖွင့်လှစ်ပေးသည့် (၁၆)ကြိမ်မြောက် နွေရာသီ ရှမ်းစာသင်တန်းဆင်းပွဲကို မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက် နောင်ခမ်းရှမ်းရွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ တက်ရောက်အားပေး ချီးမြှင့်သည်။


ဦးစွာ ရှမ်းတိုင်းရင်းသားလူငယ်များက သင်တန်းဆင်းပွဲကို ရှမ်းရိုးရာအကဖြင့် ဖွင့်လှစ်ပြီး ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင် က အမှာစကားပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးက သင်တန်းသား ၇၅ ဦး၊ နည်းပြဆရာ ၁၀ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.