အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းလှိုင်ဦး တက်ရောက်

 




နေပြည်တော် ဧပြီ ၂၃


အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ် ဆွေးနွေးပွဲများကို ဖိုရမ်၏အလှည့် ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့်  မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Hybrid Format ဖြင့် ကျင်းပသည်။


အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမော လက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက် ကြပြီး အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦး၊ ကော်မရှင် ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်း များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်ကြသည်။


အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေး နောက်ပိုင်း ကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့ အစည်းများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF) ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစား ပေးကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော ဖိုရမ် အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ဆက်စပ်နေသော စွမ်းအင်အကျပ် အတည်းများကြောင့် လူ့အခွင့် အရေး ကျင့်သုံးခံစားမှုအပေါ် သက်ရောက်မှုဆိုင်ရာ ကိစ္စရပ် များ၊ ဖိုရမ်အနေဖြင့် ပြင်ပအဖွဲ့ အစည်းများနှင့် ပတ်သက်သည့် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဖိုရမ်၏ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့ (SCWG) ၏ တိုးတက်ဖြစ်ထွန်းမှုများ၊ ဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်း အဝေးနှင့် (၂၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


ဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက ဆွေးနွေးပြီး SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ်များ အနက် ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသော ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် “စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် ကာကွယ်ရန်” ကိစ္စရပ်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေကို ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက ဆွေးနွေးသည်။


ထို့နောက် “လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား ကာကွယ်ခြင်း - Defending the Defenders” ခေါင်းစဉ်ဖြင့် ဆက်စပ်ဆွေးနွေးပွဲကို ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဆက်လက် ကျင်းပသည်။


အဆိုပါ ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှရှိ ကလေးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အပါအဝင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့်  စိန်ခေါ်မှုများ၊ ၎င်းတို့၏လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသော ဘေးအန္တရာယ်များနှင့် ဖိအားများအပေါ် အပြန်အလှန်ဆွေးနွေးခြင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပံ့ပိုးကူညီခြင်းတို့တွင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအတွက် အကာအကွယ်နှင့် ပံ့ပိုးမှုများ ပိုမိုခိုင်မာ အားကောင်းစေမည့် မဟာဗျူဟာများဖော်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်သူများအကြား အတွေ့အကြုံများနှင့် ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို အပြန်အလှန် ဆွေးနွေးခြင်းနှင့် အုပ်စုလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ကော်မရှင်က ပါဝင် ဆွေးနွေးမှုများ ပြုလုပ်သည်။

 

ယနေ့တွင် ဖိုရမ်၏ ဒုတိယမြောက် ဆက်စပ်ဆွေးနွေးပွဲကို “လူ့အခွင့်အရေး၊ စီးပွားရေး လုပ်ငန်းများနှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှုဖိုရမ် (၂၀၂၆) - Forum on Human Rights, Business, and Climate Justice 2026” ခေါင်းစဉ်ဖြင့် ကျင်းပသည်။


အဆိုပါ ဆွေးနွေးပွဲတွင် “ကြေညာစာတမ်းအဆင့်မှသည် လက်တွေ့ လုပ်ဆောင်မှုအဆင့်သို့ အာဆီယံမူဘောင်ကို လက်တွေ့ အကောင်အထည်ဖော်ခြင်း - From Declaration to Action: Operationalizing the ASEAN Framework”၊ “အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေး - Business and Human Rights (BHR) in ASEAN”၊ “နယ်စပ်ဖြတ်ကျော် ရာသီဥတုဆိုင်ရာ တရားမျှတမှု- Transbo- undary Climate Justice”၊ “ရာသီဥတုဆိုင်ရာ တရားမျှတမှု - အပြန်အလှန် ဆက်နွှယ်နေသော မညီမျှမှုများကို ဖြေရှင်းဆောင်ရွက်ခြင်း - Climate Justice: Addressing Intersecting Inequalities” စသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြပြီး ကော်မရှင်က ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.