တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ


နေပြည်တော် ဧပြီ ၇


တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်၊၊


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၅ ဦးရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၅၈၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်း အဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြ ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ကိုးဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါတင်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် လွှတ်တော်သို့ တင်ပြ ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ကိုးဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း တင်ပြချက်ကို လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြ ထားသော ဦးသာဌေးအား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ် ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသည့်အတွက် လွှတ်တော်သို့ တင်ပြ ထားသော ဦးသာဌေးအား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူ ကြောင်း ကြေညာသည်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ၁၅ ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့ တင်ပြထားသည့် ဦးသန်းစိုး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်းနှင့် ဒေါ်ခင်သင်းဝေတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ယင်းအဖွဲ့မှ ဦးသန်းစိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။


ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်နှင့် အမည်သတ်မှတ်ချက်တို့နှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမြင့်စန်းက အစိုးရအဆက်ဆက်က တောင်သူလယ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေများပြဋ္ဌာန်း ပေးသော်လည်း လက်တွေ့မြေပြင်တွင် အားနည်းနေသည်ကို တွေ့ရကြောင်း၊ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ စသည်ဖြင့် ဥပဒေ(၂၀)ခန့်ရှိသော်လည်း တောင်သူလယ်သမားများအတွက် ထိရောက်မှု အားနည်းသည့်အပြင် မူဝါဒများ ပေါင်းစည်းနိုင်မှုမရှိသောကြောင့် ဗဟိုအဆင့်အနေဖြင့် စနစ်တကျ ကွပ်ကဲသင့်သည်ကို စိစစ်တွေ့ရှိရကြောင်း။


တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာလျှင် တောင်သူလယ်သမားမိသားစုများအတွက် မြေယာစီမံ ခန့်ခွဲရေးကိစ္စရပ်များ လွယ်ကူချောမွေ့ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ခေတ်မီနည်းပညာများ၊ စက်ကိရိယာ များ၊ မျိုးစေ့သစ်များ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးမွေးမြူရေးပညာများ သင်ကြားပေးနိုင်ပြီး သာမန် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့် စားနပ်ရိက္ခာ ထုတ်လုပ်သော နိုင်ငံအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း။


တောင်သူလယ်သမားရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဦးစီးဆောင်ရွက်သင့် ကြောင်း၊ ဝန်ကြီးဌာန မဖွဲ့စည်းနိုင်သေး သည့်အချိန်တွင် တောင်သူလယ်သမားများ၏ ကိစ္စအဝဝကို သီးခြားဆောင်ရွက် ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တောင်သူလယ်သမားရေးရာဦးစီးဌာန တစ်ခုအဖြစ် ဖွဲ့စည်းပေးရန် အကြံပြုဆွေးနွေးသည်။


ယင်းနောက် ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၆ အရ ပြည်ထောင်စု လွှတ်တော် သည် ဇယား ၁ တွင် ဖော်ပြ ထားသော ပြည်ထောင်စုဥပဒေပြုစာရင်း ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုခွင့် ရှိသဖြင့် ပြည်ထောင်စုဥပဒေပြုစာရင်း အပိုဒ်( ၅ ) စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍ၊ အပိုဒ်ခွဲ (င)၊ (ဇ)၊ (ည) တို့တွင် ပါရှိ သည့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ စက်မှုလယ်ယာအဖြစ် တိုးမြှင့်ဆောင်ရွက်ရေး လုပ်ငန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး လုပ်ငန်းများနှင့် တောင်သူလယ်သမား အခွင့်အရေးများ အတွက် ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ဖော်ပြထားကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများအတွက် လုံလောက်သော စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း (၄) ချက်နှင့်အညီ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများဖြန့်ဖြူးခြင်း၊ တောင်သူလယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေး ဆောင်ရွက်နိုင်ရေးတို့အတွက် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန တစ်ခု တိုးချဲ့ဖွဲ့စည်းသင့်ကြောင်း။


ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ကို ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ပေါင်းစပ်ဖွဲ့စည်းမည့်အစား ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာန တစ်ခုနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုအဖြစ် သီးခြားစီ ဖွဲ့စည်းသင့်ကြောင်း အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က လက်ရှိအခြေအနေတွင် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးသွားသော စည်ပင်သာယာ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော မြို့များကို ပြန်လည်တည်ဆောက်ရာတွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် အခြားမြို့များ နည်းတူ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ဒေသနေပြည်သူများထံမှ ရရှိသော အခွန်အခကောက်ခံရရှိငွေဖြင့်သာ လုပ်ဆောင်ရမည်ဆိုပါက အခက်အခဲများစွာရှိနေသည့်အတွက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအနေဖြင့် လုပ်ကိုင်ပါက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား (၂) အပိုဒ်(၈)၊ စီမံခန့်ခွဲရေးကဏ္ဍတွင် ထည့်သွင်းထားသည့် စည်ပင်သာယာရေးအဖွဲ့ကို ပြည်ထောင်စုအဆင့်အဖြစ် လွှတ်တော်အတွင်း ပြင်ဆင်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း အကြံပြု ဆွေးနွေးသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်သို့ တင်ပြထားသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်နှင့် အမည်သတ်မှတ်ချက်တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ အကြံပြုဆွေးနွေးချက်များ အပေါ် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၏ ရှင်းလင်းဖြေကြားချက်ကို ဖတ်ကြားရာတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး ကျေးလက်နေပြည်သူအများစုသည် တောင်သူလယ်သမားများဖြစ်သောကြောင့် တောင်သူလယ်သမားများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးသည်လည်း အရေးကြီးကြောင်း၊ လက်ရှိတွင် တောင်သူလယ်သမားရေးရာ ကိစ္စရပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနတစ်ခုအနေဖြင့် ဖွဲ့စည်းမထားခြင်းဖြစ်ပါ ကြောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် စိုက်ပျိုးရေးဦးစီးဌာနကို ဖွဲ့စည်းထားရှိကြောင်း။


မြန်မာ့လယ်ယာကဏ္ဍတွင် စိုက်ပျိုးရေး၊ သားငါးမွေးမြူရေးနှင့် သစ်တောကဏ္ဍများပါဝင်ပြီး လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ အခွင့်အလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင် ရန်အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးမီ လယ်ယာနှင့် သားငါးထွက်ကုန် များကို ပြည်တွင်း၌သာမက ပြည်ပဈေးကွက်အထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးဦးစီးဌာနသည် ဝန်ကြီးဌာန၏ လယ်ယာကဏ္ဍမူဝါဒများ၊ မျှော်မှန်းချက်များပြည့်မီရန် ရည်ရွယ်ပြီး မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ မူဝါဒများ၊ လုပ်ငန်းများနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်း ချက်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များထဲတွင် စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လမ်းများနှင့် တံတားများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကျေးလက် ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ကျေးလက်နေ ပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် ဒေသထုတ်ကုန်များ ဈေးကွက်ရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန်ဆိုသည့် လုပ်ငန်း တာဝန်များပါဝင်ကြောင်း။


လက်ရှိတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန နှစ်ခုသည် တောင်သူလယ်သမားရေးရာကိစ္စများကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိ ရကြောင်း၊ နိုင်ငံအများစု၏ ဝန်ကြီးဌာန ဖွဲ့စည်းမှုကို ကြည့်မည်ဆိုလျှင်လည်း တောင်သူလယ်သမားရေးရာကိစ္စရပ်များကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တောင်သူလယ် သမားရေးရာဝန်ကြီးဌာနအဖြစ် သီးခြား ဝန်ကြီးဌာနတစ်ခုကို ထပ်မံတိုးချဲ့ပြီး ဖွဲ့စည်းမှု မပြုခြင်းဖြစ်ကြောင်း။


ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုကို ဝန်ကြီးဌာနတစ်ခုတည်း ပေါင်းစပ်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်း၏ အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို တစ်ပြိုင်တည်းရရှိစေရန်ဖြစ်ကြောင်း၊ နိုင်ငံအများအပြားတွင်လည်း ဟိုတယ်၊ ခရီးသွားနှင့် ယဉ်ကျေးမှုကို ပေါင်းစပ်ပြီး ဝန်ကြီးဌာနတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရရှိနိုင်သည့် အကျိုးကျေးဇူးများသည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးကို တစ်ပြိုင်တည်းညှိနှိုင်းနိုင်ပြီး ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ကြောင်း၊ ခရီးသွားများကို ဒေသခံရိုးရာဓလေ့၊ အနုပညာ၊ သမိုင်းဝင် နေရာများနှင့် မိတ်ဆက်ပေးရာတွင် ပိုမို ထိရောက်စေမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းကတစ်ဆင့် ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေ နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာချိန်တွင် ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်ပြီး အမွေအနှစ်များကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ကို ပေါင်းစပ်ခြင်းဖြင့် နိုင်ငံ၏ဆွဲဆောင်မှုအား မြှင့်တင်ကာ နိုင်ငံခြားခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဘတ်ဂျက်၊ လူအင်အားနှင့် အခြေခံအဆောက်အအုံများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၁၈၈ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက်သော် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်”ဟု ပြဋ္ဌာန်းထားပြီး ဇယား(၂)၊ အပိုဒ်(၈)၊ စာပိုဒ်ခွဲ(က)တွင် “စည်ပင်သာယာရေး”ဆိုသည့် ကဏ္ဍရပ် ပါဝင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၉ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်”ဟု ပြဋ္ဌာန်းထားကြောင်း။


ထို့ကြောင့် “စည်ပင်သာယာရေး”ကဏ္ဍသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာအတွင်း ကျရောက်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ စည်ပင် သာယာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသည် ဒေသတစ်ခုအတွင်းနေ ပြည်သူများအတွက် နေ့စဉ်နှင့်အမျှ ထိတွေ့ ဆောင်ရွက်ပေးနေရသော လုပ်ငန်းကိစ္စရပ်များဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဥပဒေနှင့်အညီ မိမိတို့ဒေသ၏ အခြေ အနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေ ရှိစေရန် ဆောင်ရွက်ခွင့်ပေးထားကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ရန်မသင့်သည်ကို တွေ့ရှိရကြောင်း ဖတ်ကြားရှင်းလင်းသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြ ထားသော ပြည်ထောင်စုအစိုးရဝန်ကြီး ဌာနအရေအတွက်နှင့် အမည်သတ်မှတ် ချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်း ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူကာ အဆိုပြုတင်ပြ ထားသည့် ပြည်ထောင်စုအစိုးရဝန်ကြီး ဌာန အရေအတွက် ၃၁ ခုနှင့် အဆိုပါ ပြည်ထောင်စုဝန်ကြီးဌာန အမည်သတ်မှတ်ချက်ကို လွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။


ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း တို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကန့်ကွက်လိုသည့်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြ ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်ရှစ်ဦး၏ အမည်စာရင်းများကို လွှတ်တော်သို့ဖတ်ကြားတင်ပြပြီး ယင်းပုဂ္ဂိုလ် ရှစ်ဦး၏ အမည်ကို လွှတ်တော်က သဘောတူ ကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း တို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြ ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြကာ ဒေါက်တာ ခင်နိုင်ဦးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်နှင့် ဒေါက်တာစန္ဒာဦး တို့အားလည်းကောင်း တာဝန်ပေးအပ်ရန် လွှတ်တော်သို့ တင်ပြ ထားကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်း ကို လွှတ်တော်က သဘောတူကြောင်းနှင့် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆို တင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သစ်ကို ဖွဲ့စည်းခန့်အပ်တာဝန်ပေးနိုင်ရေး သက်ဆိုင်ရာဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြထားကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ် ထားသူ အဖွဲ့ဝင် သုံးဦး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသူအဖွဲ့ ဝင် သုံးဦး စုစုပေါင်း အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းနှင့် ယင်းအဖွဲ့မှ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင် တစ်ဦး၏ အမည်ကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန် နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့တင်ပြထားကြောင်း ပြောကြားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့က ရွေးချယ်တင်ပြထားသည့် အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ရွေးချယ်တင်ပြထားသည့် အဖွဲ့ဝင် ကိုးဦးအနက် နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ ဦးစိုးသိန်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း ပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ဖွဲ့စည်းရန် လွှတ်တော် သို့ တင်သွင်းထားသည့် အမည်စာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြ ထားသော ပြည်ထောင်စုဝန်ကြီး ဦးရေ ၃၀ သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိ သည့်အတွက် ပြည်ထောင်စုဝန်ကြီး ဦးရေ ၃၀ သတ်မှတ်ချက်ကို လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေးပဉ္စမနေ့ကို ဧပြီ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

သတင်းစဉ်

No comments

Powered by Blogger.