ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်တို့အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေးအတွက် Fire hotspot ဖြစ်ပွားမှုများနှင့် မြေအသုံးချမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေး

 



နေပြည်တော် ဧပြီ ၇


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်အတွင်း Fire hotspot ဖြစ်ပွားလေ့ရှိသည့်နေရာများနှင့် မြေအသုံးချမှု ပြောင်းလဲမှုများကို ဝေဟင်မှကြည့်ရှုစစ်ဆေးရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ချက်နိုင်ငံထုတ် Let L 410 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြင့် ထွက်ခွာကြရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိကြသည်။


ထို့နောက် ညွှန်ကြားရေးမှူးချုပ် များနှင့်အဖွဲ့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်တို့အတွင်း မြေအသုံးချမှုများ၊ Fire hotspot ဖြစ်ပွားမှုများနှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လျှော့ချနိုင်ရေးအတွက် ဝေဟင်မှ ကြည့်ရှုစစ်ဆေးကြသည်။


မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးရေး ဟောပြောပွဲကို ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက “နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်း မှုထိန်းချုပ်ရေး အားလုံးပူးပေါင်း ပါဝင်ပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက “ရာသီ ဥတုပြောင်းလဲမှု၊ တောမီးနှင့် မီးခိုး မြူငွေ့ တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က “မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်နည်းစနစ်များ ပြောင်းကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ် လွိုင်မွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးရေး ဟောပြောပွဲကို ကျင်းပရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်တို့အတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး၊ စိမ်းလန်းစိုပြည်ရေး၊ ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေး၊ သဘာဝရေထွက်များ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးအတွက် တောမီးလောင်ကျွမ်းမှုများ တားဆီး ကာကွယ်ခြင်း၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်းနှင့် ကျေးရွာအမှိုက်များ မီးရှို့ခြင်း တို့ကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.