ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီယက်နမ် သမ္မတ တိုလမ်တို့ တွေ့ဆုံ



ပေကျင်း ဧပြီ ၁၈

 

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲနှင့် ဗီယက်နမ်သမ္မတ တိုလမ်အား ဧပြီ ၁၅ ရက်က ပေကျင်းမြို့တော်၌ တွေ့ဆုံသည်။

 

ထိုသို့ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည် ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။ ယခုခရီးစဉ်သည် ဗီယက်နမ်သမ္မတ အဖြစ် ယခုလအစောပိုင်းတွင် ရွေးကောက်ခံရပြီးနောက်ပိုင်း တိုလမ်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ် လည်းဖြစ်သည်။ သမ္မတရှီကျင့်ဖျင်၏ ဗီယက်နမ်နိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်သွားရောက်ပြီး တစ်နှစ် အကြာတွင် အဆိုပါခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗီယက်နမ်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်ခြင်းသည် တရုတ်-ဗီယက်နမ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ကောင်းမွန်မှု၏ အရေးပါပုံကို ပြသရာရောက်ကြောင်း သမ္မတရှီကျင့်ဖျင်က ပြောကြားသည်။

 

ထို့ပြင် ဗီယက်နမ်သမ္မတ တိုလမ် ဦးဆောင်သော ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟို ကော်မတီ၏ ဦးဆောင်မှုအောက်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆိုရှယ်လစ်လမ်းစဉ်ကျင့်သုံးခြင်း နှစ် (၁၀၀) ပြည့် ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း သမ္မတရှီကျင့်ဖျင်က အလေးပေး ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း အောင်မြင်မှုနှင့် သမိုင်းဝင် အောင်မြင်မှုများအတွက် တရုတ်နိုင်ငံအား ဂုဏ်ပြုကြောင်း ဗီယက်နမ်သမ္မတ တိုလမ်က ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆိုရှယ်လစ်လမ်းစဉ်ကို စီစဉ်ထားသည့်အတိုင်း အရောက်လှမ်းနိုင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အား ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း သမ္မတတိုလမ်က ဆက်လက် ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရေးကို ဆက်လက် ကြိုးပမ်းမည်ဖြစ်ပြီး မဟာဗျူဟာရွေးချယ်မှုနှင့် ထိပ်တန်းဦးစားပေးတစ်ရပ်အဖြစ် အခိုင်အမာမှတ် ယူမည်ဖြစ်ကြောင်း သမ္မတတိုလမ်က ပြောကြားသည်။ တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ပြီး မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် တရုတ်နိုင်ငံနှင့် အဆင့်မြင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အဆင်သင့်ရှိကြောင်း သမ္မတ တိုလမ်က ပြောကြားသည်။

 

နှစ်နိုင်ငံခေါင်းဆောင်များက “Red Study Tours” လေ့လာရေး ခရီးစဉ်တွင်ပါဝင်သည့် တရုတ်နှင့် ဗီယက်နမ် လူငယ်ကိုယ်စားလှယ် ၃၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ မှုတွင် လူငယ်များပါဝင်ကူညီရန် တွန်းအားပေးခဲ့သည်။

 

ဗီယက်နမ်သည် အာဆီယံတွင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးကုန်သွယ်ဖက်လည်းဖြစ်သည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အပြန်အလှန် ဖလှယ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု၊ အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘော တူညီချက်များကို ခေါင်းဆောင်နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.