မင်းလှမြို့၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိ
အထက်မင်းလှ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ယခုရက်ပိုင်း ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါရှိသည့်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းများကို ဧပြီ ၂ ရက်မှ စတင်ဖွင့်လှစ်ခဲ့ကာ ယနေ့ ဒုတိယနေ့ အဖြစ် ဆက်လက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းများကို မြို့ပေါ်ရှိ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဝေပုလ္လဓမ္မာရုံ၊ ရွှေဘုန်းသာဓမ္မာရုံ၊ ကွက်သစ်ဓမ္မာရုံ၊ ရှစ်မျက်နှာဘုရားဓမ္မာရုံနှင့် ရွာတော်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဓမ္မာရုံများတွင် အပူရှောင်စခန်း(၆)နေရာတို့တွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲထိ ဖွင့်လှစ်ထားပြီး နားနေခန်း၊ တရားနာခန်းနှင့် ထမင်းစားခန်းများအပြင် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများအား အခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအပြင် အပူရှောင် စခန်းများအတွက် ဓာတ်ဆား၊ မုန့်၊ အချိုရည်၊ ရေသန့်များနှင့် အစားအစားများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)

No comments