EV သက်တမ်းရှည်စေဖို့ နည်းလမ်းတကျ သုံးစွဲစို့
အောင်ဇေယျဟိန်း
(ယမန်နေ့မှအဆက်)
၄။ အထွေထွေအကြံပြုချက်များ
၄။ (က) ဘက်ထရီဆဲလ်ချိန်ညှိခြင်း
EV ဘက်ထရီသည် ဘက်ထရီဆဲလ် ရာဂဏန်း (သို့မဟုတ်)
ထောင်ဂဏန်းပေါင်းများစွာကို အစဉ်လိုက် အပြိုင်ချိတ်ဆက်ထားခြင်းဖြစ်ပါသည်။
ဘက်ထရီဆဲလ်များကို တိကျစွာ ဂရုတစိုက် ထုတ်လုပ်ထားသော်လည်း မည်သည့်ဆဲလ်နှစ်လုံးမဆို
စွမ်းဆောင်ရည်၊ အတွင်းခုခံအားနှင့် မိမိဘာသာ အားကုန်ဆုံးနှုန်းတို့ အတိအကျ
တူညီခြင်းမရှိပါ။ ဘက်ထရီဆဲလ်များရှိ ဗို့အားများ ဟန်ချက်ညီမျှတမှု (Cell
Balancing) မရှိသော ဘက်ထရီသည် အလွန်အကျွံအားသွင်းခြင်းနှင့်
အားကုန်ခြင်း ဖြစ်နိုင်ခြေ ပိုများ၏။ ဗို့အားပိုများသည့် ဆဲလ်များမှ ဗို့အားထုတ်သုံးနေစဉ်
ဗို့အားနည်းသော ဆဲလ်တစ်ခုသည် ဗို့အားကုန်သွားပါက ဆက်လက်ထုတ်စရာ ဗို့အားမရှိတော့ဘဲ
ရေရှည်တွင် ပျက်စီးမှုများ ဖြစ်ပေါ်စေ နိုင်၏။ ဆန့်ကျင်ဘက်အရ အားသွင်းချိန်တွင်
ဗို့အားပိုများသောဆဲလ်များကို သတ်မှတ်ဗို့အားသို့ အရင် ရောက်ရှိချိန်၌
ဗို့အားနည်းသော ဆဲလ်များကို ဆက်လက်အားသွင်းလျှင် သတ်မှတ်ဗို့အားရှိပြီး
ဆဲလ်များကို ဆက်လက်အားသွင်းမိပြီး လွန်ကဲစွာ အားသွင်းမိနိုင်၏။ ဤအခြေအနေ
နှစ်မျိုးလုံးသည် ဘက်ထရီ ယိုယွင်းပျက်စီးမှုကို မြင့်တက်စေနိုင်၏။
EV ၏ ဘက်ထရီဆဲလ် ကွာဟချက်များသည် အကြိမ်ကြိမ် အားသွင်းခြင်းနှင့်
သုံးစွဲခြင်းဖြင့် ရေရှည်၌ ပိုမိုသိသာလာပြီး ဘက်ထရီ၏ ညီညွတ်မျှတမှုကို
ပျက်ယွင်းစေ၏။ ထို့ကြောင့် ဘက်ထရီ သက်တမ်းရှည်စေရန်အတွက် EV ၏ ဘက်ထရီဆဲလ် တစ်ခုချင်းစီတွင် ဗို့အားနှင့်
စွမ်းအင်ညီမျှအောင် ညှိပေးသည့် ဆဲလ်ချိန်ညှိခြင်း (Cell Balancing) လုပ်ငန်းကို အလေးထားဆောင်ရွက်သင့်ပြီး ပုံ (၈) ပါ စွမ်းအင်ထုတ်ပစ်သည့် ရိုးရိုးဆဲလ်ချိန်ညှိနည်း
(Passive
Balancing)နှင့် စွမ်းအင်ကို အပြန်အလှန် မျှဝေသည့်
တက်ကြွဆဲလ်ချိန်ညှိနည်း (Active Balancing) ဟူ၍ နှစ်မျိုးရှိ၏။ ဘက်ထရီဆဲလ်တစ်ခု စီ၏ ကျန်းမာရေးအခြေအနေကို ဘက်ထရီဆဲလ်
ချိန်ညှိပြီး အချက်အလက်များပေါ်မူတည်၍ သုံးသပ် ဆုံးဖြတ်ရပါသည်။
ပုံ (၉) တွင်
သာဓကအနေဖြင့် EV ဘက်ထရီဆဲလ်
များမျှတရေးအတွက် ချိန်ညှိပေးနိုင်သော ကိရိယာ တစ်ခုကို ဖော်ပြထားပါသည်။ ဤကိရိယာသည်
EV
ဘက်ထရီဆဲလ်များအား ပြုပြင်မှုဆောင်ရွက်
ပြီးနောက် (သို့မဟုတ်) အစားထိုးပြီးနောက် ဘက်ထရီစွမ်းရည် ပြန်လည်ကောင်းမွန်စေရန်အတွက်
ဘက်ထရီဆဲလ်အားလုံးကို တူညီသော ဗို့အားအဆင့်သို့ ရောက်ရှိစေအောင် ချိန်ညှိပေးပြီး
ဘက်ထရီသက်တမ်းကို သိသိသာသာ တိုးတက်စေပါသည်။ ဒုတိယသက်တမ်း၌ ပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင်စနစ်များ၏ ဘက်ထရီစနစ်များအတွက် ပြန်လည်အသုံးပြုနိုင်ရန်
ဆဲလ်ချိန်ညှိခြင်းလုပ်ငန်း စဉ်ကို လုပ်ဆောင်သင့်ပါသည်။
၄။ ( ခ ) ထုတ်လုပ်သူ၏ လမ်းညွှန်ချက်များကို လိုက်နာခြင်း
EV ထုတ်လုပ်သူတိုင်းတွင် သီးခြားဘက်ထရီ ထိန်းသိမ်းနည်း လမ်းညွှန်ချက်များရှိကြရာ
မိမိကား၏ အသုံးပြုသူလက်စွဲစာအုပ်ကို လေ့လာဖတ်ရှု၍ အကြံပြုထားသော
အားသွင်းသည့်အလေ့အထနှင့် သုံးစွဲစဉ် ဆောင်ရွက်ရမည့်အချက်များကို လိုက်နာပါ။
၄။ (ဂ) ပုံမှန်ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ခြင်း
EV မောင်းနှင်ရာတွင် လောင်စာဆီသုံးကားများလို အင်ဂျင်မပါဝင်ဘဲ အင်ဂျင်ဝိုင်၊ ဂီယာ
ဘောက်စ်ဆီများကို လအနည်းငယ်အတွင်း လဲလှယ်ပေးရန်မလိုအပ်ပေ။ သို့သော် EV ကို သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ပြုပြင်ထိန်းသိမ်းမှု
ပုံမှန်ပြုလုပ်ပေးရပါမည်။
အရေးအကြီးဆုံးမှာ EV ဘက်ထရီကို ခြောက်လ (သို့မဟုတ်) တစ်နှစ်လျှင်
တစ်ကြိမ်ပုံမှန် စစ်ဆေးပေးပြီး ဘက်ထရီစီမံထိန်းချုပ်မှုစနစ်နှင့် စွမ်းရည်မြှင့်တင်ရေး
ဆော့ဖ်ဝဲလ်များကို ပုံမှန် အဆင့်မြှင့်တင် (Update) ဆောင်ရွက်ပေးရပါမည်။ အချို့ Update များသည်
အားသွင်းသည့်ပုံစံကို ပိုမိုကောင်းမွန်စေပြီး မောင်းနှင်နိုင်သည့် အကွာအဝေးကို
ပိုတိုးစေပါသည်။ ထုတ်လုပ်သူမှပေးပို့သော Over-the-Air (OTA) Update များ ရှိ၊ မရှိ စစ်ဆေးပါ။ အချက်ပြ သင်္ကေတများပေါ်လာလျှင်
စစ်ဆေးပါ။ အလိုအလျောက် Update လုပ်သည့်စနစ်ကို
တတ်နိုင်သမျှ ဖွင့်ထားပါ။
ပုံ (၁၀) တွင်
နမူနာဖော်ပြထားသည့် အဆင့်မြင့် နည်းပညာသုံးကိရိယာ (Scanner) ဖြင့် EV အမျိုး အစားအလိုက်
အစိတ်အပိုင်းများအား အချိန်တိုအတွင်း တိကျထိရောက်စွာ ပြစ်ချက်ရှာဖွေရာတွင်
သုံးစွဲနိုင်ပြီး ပုံ (၁၁) တွင် ၎င်းကိုအသုံးပြု၍ EV မော်တာ၏ လျှပ်ကာစွမ်းရည်ပမာဏအား တိုင်းတာပုံကို တင်ပြထားပါသည်။
EV ပြုပြင်ထိန်းသိမ်းရန် အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် EV နည်းပညာရှင်များကသာ ဆောင်ရွက်ရမည်ဖြစ်ပြီး
လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပုံ (၁၂) ပါ လျှပ်ကာ Hand Tools များနှင့် ဗို့အားမြင့်လျှပ်ကာလက်အိတ်တို့ကိုသာ
အသုံးပြုရပါမည်။
ဘက်ထရီ၊ ဘရိတ်စနစ်၊
ရေနှင့် Ethylene Glycol ရောစပ်ထားသည့်အရည်ဖြင့်
အပူလွန်ကဲခြင်းနှင့် စွမ်းရည်မကျအောင် ထိန်းသိမ်းပေးသည့် ဘက်ထရီနှင့်
မော်တာအအေးပေးစနစ်များ၊ အားသွင်းစနစ်၊ လျှပ်ကာစနစ်များနှင့် လျှပ်စစ်သွယ်တန်းသုံးစွဲမှုစနစ်များကို
ပုံမှန်စစ်ဆေးပါ။ ယင်းအပြင် တာယာ၊ တာယာနင်း ဖိနပ်အနက်၊ ဘရိတ်စနစ်၊ ဘက်ထရီနှင့်
မော်တာအအေးပေးစနစ်များကိုလည်း လစဉ်ပုံမှန် စစ်ဆေးသွားရန် လိုအပ်ပါသည်။
၄။ (ဃ) EV မီးသတ်ဆေးဘူး
ဆောင်ထားခြင်း
EV တွင် မမျှော်လင့်ဘဲ မီးလောင်မှုဖြစ်ပွားလျှင် ရိုးရိုးမီးသတ်ဆေးဘူးများဖြင့်
မီးငြှိမ်းသတ်၍မရ။ရေဖြင့် တိုက်ရိုက်ငြှိမ်းသတ်ခြင်းကြောင့် လျှပ်စစ်ရှော့ခ်ဖြစ်နိုင်ပြီး
ထပ်ဆင့်အန္တရာယ်များ ပွားများလာနိုင်ရာ လီသီယမ်မီးကို ငြှိမ်းသတ်နိုင်သည့် ဓာတုမီးသတ်ဆေးဘူးများကို
သုံးစွဲရပါမည်။ EV မီးသတ် ဆေးဘူးကို ယာဉ် (သို့မဟုတ်)
ကားဂိုဒေါင်အတွင်း အသင့်ဆောင်ထားသင့်ပါသည်။
အေဗွီဒီ (Aqueous
Vermiculite Dispersion- AVD) မီးသတ်ဆေးဘူးကို ဓာတုနည်းပညာဖြင့်
အလွှာလိုက်ပြုလုပ်ထားကာ မီးတောက်ကို ငြှိမ်းသတ်၍ အပူချိန်ကို လျှော့ချပေးနိုင်သည့်
ဗာမီကျူလစ် (Vermiculite) သတ္တုမှုန့်များ ၁၇ ရာခိုင်နှုန်းကို
ရေ ၈၃ ရာခိုင်နှုန်းတွင် ရောစပ်ထားပါသည်။ ပုံ (၁၃) ပါအတိုင်း မီးငြှိမ်းသတ်စဉ် ဗာမီကျူလစ်၏ ဗီဇဂုဏ်သတ္တိဓာတ်အရ
မီးလောင်နေရာကိုဖုံးအုပ်ပြီး အောက်ဆီဂျင်ဖြတ်တောက်ကာ အပူချိန်လျှော့ချပေး၏။ ၎င်း၏ အားသာချက်အရ
ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မီးငြှိမ်းသတ်ပေးကာ ပြန်လည်လောင်ကျွမ်းခြင်းမှ
ကာကွယ်ပေးနိုင်သဖြင့် လီသီယမ်-အိုင်းယွန်းဘက်ထရီများ လောင်ကျွမ်းမှုကို
ငြှိမ်းသတ်ရန်အတွက် အထူးဒီဇိုင်းထုတ်ထားပြီး ရိုးရိုးရေ၊ အမှုန့် (သို့မဟုတ်)
အမြှုပ်များဖြင့် မီးငြှိမ်းသတ်ခြင်းထက် ပိုမိုထိရောက်မှုရှိပါသည်။
EV အပြင် အေဗွီဒီမီးသတ်ဆေးဘူးများကို လီသီယမ်-အိုင်းယွန်း ဘက်ထရီသုံးစက်ပစ္စည်းများ၊
စက်ရုံများ၊ ရုံးခန်းများ၊ ဘက်ထရီအားသွင်းရုံများနှင့် ဘက်ထရီ
ပြန်လည်အသုံးပြုသည့်နေရာများ၌ အသုံးပြုရန် သင့်လျော်ပါသည်။ ဈေးကွက်တွင် တစ်လီတာ၊
နှစ်လီတာ၊ ခြောက်လီတာနှင့် ကိုးလီတာ အရွယ်အစားများဖြင့် ရရှိနိုင်ပြီး Class A (သာမန်/အထွေထွေမီးလောင်မှု) အမျိုးအစားများကိုပါ
ငြှိမ်းသတ်နိုင်ရန် အဆင့်သတ်မှတ်ချက်ပါရှိပါသည်။
EV မီးငြှိမ်းသတ်ရေးအတွက် F-500 EA (Encapsulator Agent) လီသီယမ် မီးသတ်ဆေးဘူးကိုလည်း သုံးစွဲနိုင်ပါသည်။ ၎င်းကို
လီသီယမ်-အိုင်းယွန်း ဘက်ထရီများ မီးလောင်ကျွမ်းမှုကို ထိရောက်မှု မြင့်မားစွာ
ငြှိမ်းသတ်ရန် ဆန်းသစ်စွာ ဒီဇိုင်းထုတ်ထားပြီး ၎င်း၏ထူးကဲအားသာချက်မှာ
လောင်စာများနှင့် မီးခိုးငွေ့များကို ဖုံးအုပ်ပိတ်ဆို့နိုင်ခြင်း ဖြစ်ပါသည်။
F-500 EA ဖြင့် ငြှိမ်းသတ်လျှင် ရေမျက်နှာပြင်တင်းအားကို သိသာစွာလျော့ကျစေပြီး ဘက်ထရီ
အတွင်းပိုင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်နိုင်စွမ်းရှိ၏။ ၎င်းရှိ မော်လီကျူးများ၏
ဗီဇဂုဏ်သတ္တိဓာတ်များအရ ရေစက်တစ်ခုစီကို အကာအကွယ်လွှာတစ်ခုစီ ဖန်တီးပေးကာ
အပူစုပ်ယူနိုင်စွမ်းမှာ သာမန်ရေထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်ပါသည်။ ထို့ပြင်
ရေနွေးငွေ့အဖြစ် ပြောင်းလဲခြင်းမရှိဘဲ အပူချိန်ကို မြန်ဆန်စွာ
စုပ်ယူလျှော့ချခြင်းကြောင့် မီးလောင်မျက်နှာပြင်ကို လျင်မြန်စွာ အအေးခံနိုင်ပါသည်။
ယင်းအပြင် F-500 EA မော်လီကျူးများသည် လီသီယမ်-အိုင်းယွန်း ဘက်ထရီအတွင်းရှိ
မီးလောင် လွယ်သော အီလက်ထရောလိုက်များကို ဖုံးအုပ်ပိတ်ဆို့ထားသဖြင့် ၎င်းတို့
မီးလောင်နိုင်စွမ်း ဆုံးရှုံး သွားစေပါသည်။ အကျိုးကျေးဇူးများအနေဖြင့်
လီသီယမ်-အိုင်းယွန်း ဘက်ထရီမီးလောင်မှုများတွင် အဖြစ်များသော
မီးပြန်လည်လောင်ကျွမ်းခြင်းကို ကာကွယ်ပေးနိုင်ပြီး အဆိပ်ဓာတ်ငွေ့များ
ထုတ်လွှတ်မှုကိုလည်း ၉၈ ရာခိုင်နှုန်းကျော်အထိ လျှော့ချပေးနိုင်ရာ
မီးသတ်သမားများအတွက် ပိုမို ဘေးကင်းစေနိုင်ပါသည်။
အဆိုပါ
မီးသတ်ဆေးဘူးများကို အရွယ်အစားအမျိုးမျိုးဖြင့်ရရှိနိုင်ပြီး Class A သာမန် မီးလောင် လွယ်ပစ္စည်း၊ Class B မီးလောင်လွယ်သော အရည်များ၊ Class F ချက်ပြုတ်ဆီများ အမျိုးအစား မီးလောင်မှုများကိုပါ
ငြှိမ်းသတ်နိုင်စွမ်းရှိပါသည်။ ၎င်းသည် ဖလိုရင်းကင်းစင်ပြီး အန္တရာယ်ရှိ ဓာတု
ပစ္စည်းများ ပါဝင်မှုမရှိဘဲ ဇီဝပျက်စီးမှုဖြစ်စဉ်မြန်ဆန်ကာ သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်မှုမရှိပါ။ ထို့ပြင် သံချေးမတက်စေခြင်း၊ အဆိပ်အတောက်မရှိခြင်းနှင့် လျှပ်စစ်ရှော့ခ်ဖြစ်နိုင်ခြေမရှိစေရန်
စမ်းသပ်ထားပြီးဖြစ်ကာ ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများအနီးတွင် ဘေးကင်းစွာ
အသုံးပြုနိုင်ပါသည်။ သို့ရာတွင် ၎င်းသည်ရေကိုအခြေပြုငြှိမ်းသတ်ခြင်းဖြစ်ရာ
လျှပ်ကူးနိုင်သဖြင့် ပြင်းထန်လှသော လျှပ်စစ် စွမ်းအားကြောင့်လောင်သည့်မီးများ (ပြန်လှန်လျှပ်စီး
- အေစီဗို့အား ၁၀၀ နှင့်အထက်) ကို ငြှိမ်းသတ်ရန်အတွက် (လုံးဝ) အသုံးမပြုရပါ။
သို့ဖြစ်ရာ F-500 EA ဖြင့် ငြှိမ်းသတ်လျှင်
အားသွင်း စက်နှင့် ဆက်သွယ်မှုမရှိအောင် ထားရှိရပါမည်။ ယင်းအပြင် မီးလောင်ရာနေရာ
(အိမ်၊ ဆိုင်၊ အားသွင်းရုံ၊ စက်ရုံ)ရှိ လျှပ်စစ်ဓာတ်အားလိုင်းများကို
ကြိုတင်ဖြတ်တောက်ထားရပါမည်။
၄။ (င) မီးငြိမ်းစောင် ထားရှိခြင်း
EV များ ခေတ်စားလာသည်နှင့်အမျှ EV မီးငြိမ်းစောင်များ
ထားရှိခြင်းသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု
ဖြစ်လာပါသည်။ EV မီးငြိမ်းစောင်များသည်
လီသီယမ်-အိုင်းယွန်း ဘက်ထရီမီးလောင်မှုကြောင့် ဖြစ်ပွားသော အပူရှိန်မြင့်မားသည့်
မီးလောင်မှုများ ကို ထိန်းချုပ်ရန် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး
မီးခိုးငွေ့များနှင့် အဆိပ်အတောက်ဓာတ်ငွေ့များ ထွက်ရှိမှုကို
လျှော့ချပေးနိုင်ပါသည်။
EV မီးငြိမ်းစောင်များကို EV ကားပါကင်များ၊
အားသွင်းရုံများ၊ ဝပ်ရှော့များ၊ ဓာတ်ဆီဆိုင်များ၊ ကားဂိတ်များ၊
ကူးတို့သင်္ဘောများ၊ လှေဆိပ်များ၊ ဥမင်လိုဏ်ခေါင်းများနှင့် လေဆိပ်များတွင် ထားရှိ
သင့်၏။ အထူးသဖြင့် လျှပ်စစ်ကားအားသွင်းရုံများတွင် မီးငြိမ်းစောင်ထားရှိခြင်းသည်
မီးလောင်မှု ဖြစ်ပါက အနီးရှိ အခြားကားများသို့ မီးကူးစက်ခြင်းမှ ကာကွယ်နိုင်ပြီး
ဓာတ်ဆီဆိုင်များတွင် ဆီတိုင်ကီ များသို့ မီးမရောက်အောင် တားဆီးနိုင်ပါသည်။
EV မီးငြိမ်းစောင်များထားရှိရာတွင် အရေးပေါ်အခြေအနေ၌ အလွယ်တကူ
ရှာဖွေတွေ့ရှိနိုင်ပြီး လက်လှမ်းမီရန် အရေးကြီးပါသည်။ မီးငြိမ်းစောင်သေတ္တာများကို
အန္တရာယ်များသော နေရာများ ဖြစ်သည့် တိုက်ရိုက်လျှပ်စီးသုံး အမြန်အားသွင်းစက်များနှင့်
၂၀ မီတာ (၆၆ ပေ) အကွာအဝေးအတွင်း တစ်လုံးစီ ထားရှိသင့်ပြီး ဆွဲကြိုးများကို
ကြမ်းပြင်မှ ၁.၂ မီတာ (၄ ပေ) မှ ၁.၅ မီတာ (၅ ပေ) အမြင့်တွင် တပ်ဆင်သင့်ပြီး
အမှောင်ထဲတွင်ပါ မြင်နိုင်စေရန် နိုင်ငံတကာစံနှုန်း ISO 7010 နှင့်ကိုက်ညီသော မီးစုန်းဆိုင်းဘုတ်များလည်း
တပ်ဆင်ထားသင့်ပါသည်။ ပုံ (၁၅) တွင် EV မီးငြိမ်းစောင်
နမူနာများနှင့် ပုံ (၁၆) တွင် EV မီးငြိမ်းစောင်ဖြင့်
မီးငြှိမ်းသတ်နေပုံကို တင်ပြထားပါသည်။
၄။ (စ) အားသွင်းစနစ်ကို စနစ်တကျ တပ်ဆင် သုံးစွဲခြင်း
နိုင်ငံတော်တွင်
ပြည်သူများ၏ EV သုံးစွဲမှုများ
တစ်ရှိန်ထိုး မြင့်တက်လာပြီး EV အားသွင်းခြင်း
ဆိုင်ရာ မြန်မာစံချိန်စံညွှန်း ကိုးခုတို့ကို ချမှတ်ပြီးဖြစ်၏။ သို့ဖြစ်ရာ
စံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ
ညွှန်ကြားချက်များအတိုင်း အားသွင်းစနစ်ကို တပ်ဆင်သုံးစွဲမှုက
ပျက်စီးဆုံးရှုံးမှုများနှင့် မီးဘေးအန္တရာယ်တို့ကို ကြိုတင်ကာကွယ်ရေးအတွက်
အခရာကျပါ၏။
ပုံ (၁၇) ပါအတိုင်း
EV
အားသွင်းစနစ် သွယ်တန်းတပ်ဆင်မှုကို
သတ်မှတ်အရည်အသွေး စံပြည့်မီသည့် လျှပ်စစ် ကျွမ်းကျင်ပညာရှင်ဖြင့်သာ ဆောင်ရွက်၍
စံချိန်စံညွှန်းနှင့် ကိုက်ညီသော EV အားသွင်းစက် ကိုသာ
သုံးစွဲခြင်းသည် အရေးကြီးသောအချက်ဖြစ်ပါသည်။ အချို့ EV အားသွင်းစက်များတွင် အပူချိန် ထိန်းညှိစနစ်ပါဝင်ရာ
အားသွင်းစဉ် ဘက်ထရီအပူလွန်ကဲမှုကို ကာကွယ်ပေးနိုင်၏။ အရည်အသွေး စံမပြည့်မီသော
အတုအပ EV
အားသွင်းစက်များသည် လျှပ်စစ်ဝန်အား မမှန်ကန်ခြင်း၊
အပူလွန်ကဲခြင်းနှင့် မီးလောင်ခြင်း စသောအန္တရာယ်တို့ကို ဖြစ်ပေါ်စေနိုင်၍
လုံးဝမတပ်ဆင်သင့်ပါ။
သင့်နေအိမ်တွင် EV ကို အိမ်သုံးမီတာနှင့် အားသွင်းပါက လျှပ်စစ်မီတာ၊
လျှပ်စီးပတ်လမ်း ဖြတ်တောက်သည့် ဆားကစ်ဘရိတ်ကာနှင့် ဝိုင်ယာကြိုးများသည်
သတ်မှတ်အရည်အသွေးပြည့်မီကာ သတ်မှတ် လျှပ်စီးဝန်အားဒဏ် ခံနိုင်ရည် ရှိ၊ မရှိကို
ကြိုတင်စစ်ဆေးရပါမည်။ EV နှင့် အားသွင်းစက် ကြား၌
ဝိုင်ယာကြိုးများအား လိုအပ်သလိုဆက်၍ အသုံးပြုခြင်း၊ ကြားခံမီးဆက်ပစ္စည်းများ တပ်ဆင်
အသုံးပြုခြင်းတို့ကိုလည်း မပြုလုပ်ရပါ။
အားသွင်းစနစ်
တပ်ဆင်မည့်နေရာ ရွေးချယ်ခြင်းသည်လည်း ဘေးအန္တရာယ်ကင်းရေးအတွက် အရေးပါပါသည်။
အားသွင်းစနစ်ကို ရေစိုခံခြင်း၊ ဖုန်မှုန့်ကာကွယ်ခြင်းစနစ်များပါရှိသောနေရာတွင်
တပ်ဆင်သင့်ပြီး လေဝင်လေထွက် ကောင်းမွန်သော နေရာဖြစ်ရပါမည်။ အားသွင်းစက်ကို
မီးလောင် လွယ်သောပစ္စည်းများနှင့် အနီးဝန်းကျင်နေရာ၊ ရေနှင့်
အစိုဓာတ်ထိတွေ့နိုင်သောနေရာ၊ နေရောင်ခြည် နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင်
မတပ်ဆင်ရပါ။ ယင်းအပြင် ပုံမှန်ပြုပြင်ထိန်းသိမ်းရမည် ဖြစ်ပြီး ဝိုင်ယာကြိုးများ
ပြတ်တောက်ခြင်းနှင့် ပလပ်ပေါက်များ ပျက်စီးခြင်း ရှိ၊ မရှိကို သုံးလ တစ်ကြိမ်ခန့်
စစ်ဆေးပြီး ချွတ်ယွင်းချက်များတွေ့ရှိပါက ချက်ချင်း ပြုပြင်လဲလှယ်ရပါမည်။
အားသွင်းစဉ်
ဘက်ထရီကို စောင့်ကြည့်ကာ ဘက်ထရီ၏ အပူချိန်ပုံမှန်ထက်မြင့်တက်ခြင်း၊ အနံ့ဆိုး ထွက်ခြင်း၊
ပုံပျက်ခြင်း စသည့်လက္ခဏာများတွေ့ရှိက ချက်ချင်းအားသွင်းခြင်းကို ရပ်ဆိုင်းပြီး
ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးပါ။ အားသွင်းပြီးပါက အားသွင်းစက်ကို ဖြုတ်ထားပါ။
နိဂုံးမချုပ်မီ
စာဖတ်သူ ပိုမိုလွယ်ကူစွာ မှတ်သားနိုင်ရန် ဤဆောင်းပါး၏ အနှစ်ချုပ်အား အောက်
ဖော်ပြပါ ပုံ (၁၈) အတိုင်း တင်ပြအပ်ပါသည် -
“နိုင်ငံတော်သာယာဖို့
သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ အဖိုးတန် ရေမြေရင်းမြစ်
သဘာဝပတ်ဝန်းကျင် သာယာလှပမှုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းပြီး နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးဆိုင်ရာ
စီးပွားရေးဂေဟ စက်ဝန်းဖွံ့ဖြိုးမှုမှသည် စဉ်ဆက်မပြတ် ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ
ကာဗွန်လျှော့ချနိုင်ရေးနှင့် ခေတ်မီလျှပ်စစ်ကား (EV) များကို တန်းတူသုံးစွဲနိုင်ပြီး လေထုနှင့် အသံ ညစ်ညမ်းမှုများ လျှော့ချနိုင်၍
ကျန်းမာရေးကောင်းမွန်ခြင်း၊ စက်သုံးဆီနှင့် အင်ဂျင်ပြုပြင်ခြင်း
ကုန်ကျစရိတ်တို့အား လျှော့ချနိုင်ခြင်း စသောအကျိုးကျေးဇူးများကို ပြည်သူများ
ရရှိခံစားနိုင်ရေးတို့ အတွက် တာဝန်ရှိသူများအပါအဝင် EV
Stakeholders အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်
လျက်ရှိပါသည်။
နိဂုံးချုပ်အနေဖြင့်
စာဖတ်သူသည်လည်း ပြည်သူထဲမှ ပြည်သူတစ်ဦးအနေဖြင့် နိုင်ငံ့ EV ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု
မျှော်လင့်မိပါ၏။ သို့ဖြစ်ရာ အကယ်၍ သင်သည် EV သုံးစွဲသူတစ်ဦးဖြစ်ပါက သင့် EV ကို ဘေးအန္တရာယ်
ကင်းရှင်းစွာ သက်တမ်းရှည်အောင် ဤဆောင်းပါးပါ နည်းလမ်းများအတိုင်း သုံးစွဲကာ
မောင်းနှင်ခြင်း၊ အားသွင်းခြင်း၊ ရပ်နားခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ဆိုင်ရာ
အလေ့အကျင့်ကောင်းများဖြင့် ဆောင်ရွက်မည်ဟုလည်းကောင်း သို့တည်းမဟုတ် သင်သည် မကြာမီ EV ဝယ်ယူမည်ဆိုပါကလည်း ဤဆောင်းပါးပါ နည်းလမ်းများအတိုင်း
လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်မည်ဟုလည်းကောင်း သို့တည်းမဟုတ် သင်၏
အနီးဝန်းကျင်ရှိ မိတ်ဆွေ EV ပိုင်ရှင်တစ်ဦးကို
ဤဆောင်းပါးပါ EV သက်တမ်းရှည်ရေး နည်းပညာများနှင့်
စနစ်တကျသုံးစွဲရေး နည်းလမ်းများအား နားလည် သဘောပေါက်သွားအောင် ဆင့်ပွားမျှဝေနိုင်မည်ဟုလည်းကောင်း
ကျွန်ုပ်လေးနက်စွာ ယုံကြည်မိပါ၏။ ယင်းအပြင် မြို့တွင်း၊ မြို့ပြင် လမ်းများ၌
ဘက်ထရီကျန်းမာရေးကောင်းမွန်သည့် မော်တာများဖြင့် မောင်းနှင်နေသော အစိမ်းရောင်စွမ်းအင်သုံး
EV
များ အစဉ်တိုးပွားလာသည်ကို ကျွန်ုပ် မြင်ယောင်နေမိပါတော့သတည်း။
။
ကိုးကားချက် -
၁။ စာရေးသူ၏
သုတေသနပြုလေ့လာမှု အတွေ့အကြုံများ
၂။ အင်တာနက်မှ
ရှာဖွေလေ့လာမှုများ
No comments