တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲတက်ရောက်

 




ထားဝယ် ဧပြီ ၂၀


မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။


ဦးစွာ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများက ပညာ ရွှေခေတ်သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မူလတန်းအဆင့်တွင် အင်္ဂလိပ်စာသည် ကလေးတစ်ယောက်၏ အနာဂတ်ပညာရေးနှင့် ကိုယ်ရည် ကိုယ်သွေး ဖွံ့ဖြိုးမှုအတွက် အခြေခံအကျဆုံး၊ အရေးအကြီးဆုံး မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ မျက်မှောက်ခေတ် ပညာရေးစနစ်တွင် အင်္ဂလိပ်စာသည် ဘာသာရပ်တိုင်း၏ သော့ချက်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းများသည် ဆရာ ဆရာမများအတွက် ပညာရေးအရည် အသွေးမြှင့်တင်ရာတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် နွေရာသီ အားလပ်ရက်ကာလတွင် မိမိကိုယ်ကို အရည်အသွေးမြှင့်တင်ရန် (Self-Development) အတွက် အချိန်ပေး၍ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းများ တက်ရောက်ကြသည်ကို များစွာ ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ သင်တန်းမှရရှိလာမည့် အင်္ဂလိပ်စာအရည်အချင်းများကို အသုံးချပြီး မိမိတို့၏ပတ်ဝန်းကျင်နှင့် ကျောင်းသား ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော ပညာအလင်းရောင်များ ပေးဝေကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် ထားဝယ် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦး က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသားသင်တန်းသူ ဆရာ ဆရာမများက ဒို့တာဝန် သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။


လေ့ကျင့်သင်ကြား


အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course)တွင် မူလတန်းပြ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ ၂၀၀ ကို ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မေ ၂၀ ရက်အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.