ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

 




စစ်တွေ ဧပြီ ၂၀


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။


မှာကြား


တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး က နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံ့ဝန်ကို ထမ်းဆောင် ကြရသူများဖြစ်ကြောင်း၊ အစိုးရအဖွဲ့များ မည်သို့ပင် ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများမှာ အပြောင်း အလဲမရှိဘဲ တက်လာသည့်အစိုးရများက ချမှတ်သည့် မူဝါဒများအတိုင်း လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများသည် အောက်ခြေပြည်သူများနှင့် ထိတွေ့နေရ သူများဖြစ်သည့်အတွက် ပြည်သူများ၏လိုအပ်ချက်၊ လိုလားချက်များကို အဓိကလုပ်ဆောင်ပေးရသူများ ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဆိုပါက စီးပွားရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များမှအစ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး လုပ်ငန်းရှင်များ အားလုံးသည် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ထိတွေ့ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၊ ပြည်သူများ၏ လိုလားချက်များကို ဝန်ထမ်းများက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ချို့ယွင်းအားနည်းမှုမရှိစေဘဲ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။


ပညာရေးကဏ္ဍအနေဖြင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းတက်ရောက်နိုင်ရေး၊ ပညာကို ဆုံးခန်းတိုင် သင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက်လည်း မိမိတို့အစိုးရအဖွဲ့ အနေဖြင့် အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများသည် လုပ်ငန်းကျွမ်းကျင်ပြီး အတွေ့အကြုံ ရှိသူများဖြစ်ကြကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းများကို စိတ်ကောင်းစေတနာအမှန်ဖြင့် ကြိုးစားလုပ်ဆောင်ပေးကြပါ၊ ခေတ်သစ်၊ စနစ်သစ်၊ မူဝါဒသစ်အပြောင်းအလဲများ ဖြစ်လာသောအချိန် တွင် စေတနာပါပါဖြင့် လုပ်ဆောင်ပေးကြပါ၊ အဂတိ ကင်းကင်းဖြင့် လုပ်ဆောင်ပေးကြပါ၊ မိမိကိုယ်တိုင် ကင်းရှင်းပြီး ပတ်ဝန်းကျင်ကိုလည်း ကင်းရှင်းအောင် လုပ်ဆောင်ပေးကြပါ၊ ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်ဆိုသည့်အတိုင်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာကောင်း ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြား သည်။


ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့၏လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ- ဝင်းမင်းစိုး


No comments

Powered by Blogger.