မွန်ပြည်နယ် ဝန်ကြီးချုပ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ Puma Power International Port Terminal ဆိပ်ကမ်းတွင် ပြည်ပမှ စက်သုံးဆီများဝင်ရောက်နေမှု၊ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဝေပေးနေမှု အခြေအနေ ကြည့်ရှုစစ်ဆေး


 မော်လမြိုင် ဧပြီ ၁၈

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ Puma Power International Port Terminal ဆိပ်ကမ်းတွင် ပြည်ပမှ စက်သုံးဆီများ ဝင်ရောက်မှု၊ သိုလှောင် ထားရှိမှုနှင့် ဖြန့်ဝေပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ မွန်ပြည်နယ် ရေနံထွက်ပစ္စည်း ထိန်းသိမ်းရေးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းမှု၊ စက်သုံးဆီများ သိုလှောင်ထားရှိမှု၊ စက်သုံးဆီများ ဖြန့်ခွဲပေးမှုနှင့် ပြည်ပမှစက်သုံးဆီများ ထပ်မံ မှာယူထားရှိမှု အခြေအနေများကိုရှင်းလင်း တင်ပြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး ထိန်းသိမ်း ဆောင်ရွက်ရန်၊ နွေရာသီရောက်ရှိပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လမ်းများပိုမိုကောင်းမွန်ရေး၊ စက်သုံးဆီ အရောင်းဆိုင်များတွင် ဘားကုတ်များဖြင့် စက်သုံးဆီ ရောင်းချနိုင်ရန် အမြန်ဆုံးဆောင်ရွက်ရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မိုးရာသီတွင် သီးနှံစိုက်ပျိုးရေးအတွက် လိုအပ်လာမည့် စက်သုံးဆီများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် Puma Power International Port Terminal ဆိပ်ကမ်းနှင့် သိုလှောင်ကန်များရှိ စက်သုံးဆီများကို သက်ဆိုင်ရာဆီဖြည့်ပွိုင့်များမှတစ်ဆင့် ဆီဘောက်ဆာ ယာဉ်များပေါ်သို့ ဆီဖြည့်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ မုဒုံမြို့နယ် ဘလောက် ညောင်ဝိုင်းကျေးရွာအနီး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်မည့်မြေနေရာကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယမန်နေ့နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ မော်လမြိုင်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲသို့ တက်ရောက်ပြီး နှစ်လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ ၁ဝဝဝ၀ဝ၊ ရွှေဝါငါးကြင်း ငါးသားပေါက် ကောင်ရေ ၁၀၀၀၀၀၊ ငါးခုံးမကြီး ငါးသားပေါက် ကောင်ရေ ၁၀၀၀၀၀ စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၃၀ဝ၀ဝ၀ ကို ဇီဝိတဒါနအဖြစ် သံလွင်မြစ်အတွင်း ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ပြီး သက်ကြီးဘိုးဘွားများအား အာဟာရဒါန ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဂါရဝပြု ဆုမွန်ကောင်းစကား ပြောကြားသည်။

 

ယင်းနောက် ဘိုးဘွားများအား စုပေါင်းကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်စေတနာရှင် အလှူရှင်များက  ဘိုးဘွားတစ်ဦးချင်းစီအတွက် အလှူငွေနှင့် ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ် လှူဒါန်းကြရာ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့က ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.