အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား သုံးဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံသား တစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့



နေပြည်တော် မတ် ၃၁


ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန် ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပ နိုင်ငံသား သုံးဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင် ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသား တစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။


ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ အုပ်ချုပ်မှု အရာရှိနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။


ထို့အတူ ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် အိန္ဒိယနိုင်ငံ သားတစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။


၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၁၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၄၀၄ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့သည်။


လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၁၃ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၇၄၁ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၇၂ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း နှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။


နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.