AI ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ဂူဂဲလ်က Gemini AI အေးဂျင့်သစ် လုပ်ဆောင်ချက်များ မိတ်ဆက်
ဝါရှင်တန် မေ ၂၀
အမေရိကန် နည်းပညာကုမ္ပဏီကြီးဂူဂဲလ် က ၎င်း၏
Gemini AI အေးဂျင့်လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်ကာ သုံးစွဲသူတစ်ဦးချင်းစီထံ
တိုးချဲ့ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်း AI ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင်
ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာချိန်၌ ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
လူတိုင်းအဆင်ပြေစွာ အသုံးပြုနိုင်ရန် AI အေးဂျင့်များ၏
စွမ်းဆောင်ရည်ကို ဘေးကင်းလုံခြုံသည့် နည်းလမ်းဖြင့် သုံးစွဲသူများထံ ပို့ဆောင်ပေးနိုင်ရေးကို
အထူးအာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ် ဆန်ဒါပီချိုင်းက
ပြောကြားခဲ့သည်။
Developer များအတွက် ကယ်လီဖိုးနီးယားပြည်နယ်၌
ကျင်းပပြုလုပ်သည့် နှစ်ပတ်လည် နည်းပညာမိတ်ဆက် ညီလာခံတွင် Gemini AI အေးဂျင့်၏ ပြောင်းလဲတိုးတက်မှုများကို
ဂူဂဲလ် က ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ ခေတ်မီ AI အေးဂျင့်သစ်သည် လုပ်ငန်းတာဝန်အမျိုးမျိုးကို
အလိုအလျောက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီ၏ ပြောကြားချက်အရ AI အေးဂျင့်သစ်သည်
သုံးစွဲသူ၏ ခွင့်ပြုချက်ဖြင့် အက်ပလီကေးရှင်း အများအပြားမှ အချက်အလက်များကို တစ်နေ့တာလုံး
စုဆောင်းနိုင်မည်ဖြစ်ပြီး စာရွက်စာတမ်းများ ဖန်တီးခြင်းနှင့် ပေးပို့ခြင်းတို့ကိုလည်း
ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့် Gemini သည် ကလေးများ၏ ကျောင်းများမှ
နောက်ဆုံးရသတင်း အချက်အလက်များကို အလိုအလျောက် စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး အရေးကြီးသည့်
အကြောင်းအရာအလိုက် သတ်မှတ်ရက်များကို ခွဲခြားထုတ်ယူကာ စုစည်းထားသော နေ့စဉ်မှတ်တမ်းများကို
မိသားစုဝင်များထံ ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် AI အေးဂျင့်သစ်သည် လစဉ် ခရက်ဒစ်ကတ်
ထုတ်ပြန်ချက်များကို စိစစ် ပိုင်းခြားနိုင်မည်ဖြစ်ပြီး လစဉ်ကြေး၊ နှစ်စဉ်ကြေးအသစ်များ
သို့မဟုတ် လျို့ဝှက်စာရင်းသွင်း ထားသည့် ငွေကြေးစာရင်းများကိုလည်း သတိပေးနိုင်မည်ဖြစ်ကြောင်း
ကုမ္ပဏီက ဆိုသည်။
လာမည့်သီတင်းပတ်မှ စတင်၍ ဂူဂဲလ်သည် ၎င်း၏အခကြေးငွေပေးသွင်း
အသုံးပြုသူများအတွက် AI အေးဂျင့်သစ်ကို စတင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်
ပိုမိုကျယ်ပြန့်သော သုံးစွဲသူများထံ တိုးချဲ့ပံ့ပိုးပေးသွားမည် ဖြစ်သည်။
လက်ရှိအချိန်တွင် AI အေးဂျင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်၌
ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပြီး OpenAI နှင့် Anthropic တို့အပါအဝင် နည်းပညာ
ကုမ္ပဏီများကလည်း အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
အင်န်အိတ်ချ်ကေ

No comments