ကရင်ပြည်နယ်ဝန်ကြီးချုပ် သက်မွေးလုပ်ငန်းပညာသင်တန်းများနှင့် AI နည်းပညာအသုံးချမှု သင်တန်း ဖွင့်ပွဲတက်ရောက်



ဘားအံ မေ ၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၂) နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး သင်တန်းသူများအတွက် စားသုံးဆီ၊ အာလူး၊ ကုလားပဲ၊ ကြက်သွန်နီ အစရှိသော အခြေခံစားကုန်များကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။

 

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် သင်တန်းသူ ၃၀၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် သင်တန်းသူ ၂၀ စုစုပေါင်းသင်တန်းသူ ၅၀ တို့က ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားသွားကြမည်ဖြစ်သည်။

 

ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားပြောကြားပြီး ခင်ကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများ၊ ခြေနင်းအပ်ချုပ်စက်သင်တန်းခန်းမ၊ မော်တာအပ်ချုပ်စက်သင်တန်းခန်းမနှင့် အဆိုပါ သင်တန်းကျောင်းမှ ဖွင့်လှစ်ထားသည့် အပ်ချုပ်ဆိုင်ခန်းတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ဘားအံမြို့ လူငယ်စင်တာ(Youth Centre) သင်တန်းခန်းမ၌ ကျင်းပသည့် AI နည်းပညာအသုံးချမှု သင်တန်း(၁/၂၀၂၆) ဖွင့်ပွဲ တက်ရောက်၍ အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၄၆၄၁၀၀ဝ ကို ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌထံ ပေးအပ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (ဘားအံ)၏ ဆောက်လုပ်ရေး သင်တန်းအမှတ်စဉ်(၁၈)၊ လျှပ်စစ်သင်တန်းအမှတ် စဉ်(၁၈)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ် (၁၇) နှင့် ဂဟေသင်တန်းအမှတ်စဉ် (၁၆) သင်တန်းများဖွင့်ပွဲကို တက်ရောက်၍ အမှာစကားပြောကြားပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.