ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
စစ်တွေ မေ ၁၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေတို့သည် မေ ၉ ရက်နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ကြသည်။
ဦးစွာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ
ကျောက်တန်း(၁) ကုန်းကျောတမံ၊ ကျောက်တန်း (၂) ရေလှောင်တမံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး
ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း (SEZ) စီမံကိန်းအတွက် ရေကိုသိုလှောင်နိုင်ရန်
ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဆည်တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး
ဆွေးနွေးမှာကြားသည်။
ထို့နောက် ကျောက်တန်းကျေးရွာအတွင်း
ကျေးရွာသူ ကျေးရွာသားများ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရန်၊ စနစ်တကျသယ်ယူသုံးစွဲနိုင်ရန်
ကျေးရွာအတွင်းရှိ ရေကန်အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ အောက်မဒေးကျွန်း
အခြေခံပညာအထက်တန်းကျောင်းသို့ လည်းကောင်း၊ မဒေးကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း
စီမံကိန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရုံး
အစည်းအဝေးခန်းမ၌ စီမံကိန်းမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသတွင်းလူမှုစီးပွားအကျိုးပြုလုပ်ငန်း
ဆောင်ရွက်ပေးနေမှု အခြေအနေ၊ စီမံကိန်းဧရိယာ လုံခြုံရေးအစီအမံ ဆောင်ရွက်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments