မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ တိုးမြှင့်လုပ်ကိုင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 




နေပြည်တော် မေ ၇


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မကွေး တိုင်းဒေသကြီး မြို့သစ်မြို့နယ် မင်းရပ်ကျေးရွာ တောင်သူဦးငွေစိုး ၏ လယ်မြေတွင် လက်ဆွဲကောက် စိုက်စက်ဖြင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးထားသော အောင်နိုင်တိုး နွေစပါးစံပြစိုက်ခင်း၌ ဒေသခံ တောင်သူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မကွေးတိုင်းဒေသကြီးသည် နိုင်ငံတော်မှ သတ်မှတ်ထားသော ပန်းတိုင်သီးနှံ ၁၃ မျိုးလုံးကို စိုက်ပျိုးထုတ်လုပ်နိုင်သော ရေ၊ မြေ၊ ရာသီဥတု အဆင်ပြေ သင့်လျော်သည့် ဒေသဖြစ်သည့် အပြင် လက်ရှိနွေစပါး၊ မိုးစပါးများ စိုက်ပျိုးရာတွင်လည်း ထိုက်လျောက် သင့်လျော်စွာ အောင်မြင်ဖြစ်ထွန်းမှုရှိပါကြောင်း၊ သို့ရာတွင် စပါးစိုက်ပျိုးသူတောင်သူများအနေဖြင့် ကုန်ကျမှုစရိတ် လျှော့ချနိုင်ရေးအတွက် သွင်းအားစု ဓာတ်မြေဩဇာများ ထည့်သွင်း အသုံးပြုရာတွင် လိုအပ်သော အချိန်တွင် သဘာဝမြေဩဇာများ ဖြင့် ရောစပ်ထည့်သွင်းခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မျိုးစပါးများကို အစဉ်အမြဲဝယ်ယူသုံးစွဲခြင်း ထက် စပါးစိုက်တောင်သူများ ပူးပေါင်းဆောင်ရွက်၍ မျိုးထုတ် စိုက်ခင်းများဖြင့် ကိုယ်တိုင်မျိုးစေ့ ထုတ်ယူခြင်း လုပ်ငန်းများပါ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မျိုးကောင်း၊ မျိုးသန့်များနှင့် နည်းပညာအကူအညီများ လိုအပ် လာပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကို အချိန်မရွေး အကူအညီတောင်းခံနိုင်ပါကြောင်း ပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ယင်းနောက် အောင်နိုင်တိုး နွေစပါး စံပြစိုက်ခင်းကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ယူရီးယား ဓာတ်မြေဇာများကို ချိုသာသော ဈေးနှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် ရောင်းချပေး နေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ရှားပင်လှကျေးရွာအုပ်စု ရွှေတင့်ထူး စိုက်ပျိုးမွေးမြူရေးဇုန်သို့ ရောက်ရှိ ရာ မကွေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးက ဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ဇုန်အတွင်း လက်ရှိ တောင်သူများက လိုအပ်ချက်များကို ဝိုင်းဝန်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက မြေပြုပြင်စိုက်ပျိုးဆဲ ကာလတွင် ရေခံ၊ မြေခံ ပေါ်မူတည်၍ ပုံမှန်စိုက်စနစ်အစား အကျိုး ဖြစ်ထွန်းလွယ်ကာ ပိုမိုသင့်လျော် သည့် စိုက်စနစ်အား အနည်းငယ်စီ စမ်းသပ် ပြောင်းလဲစိုက်ပျိုးရန်၊ ဇုန်အတွင်း အရိပ်ရအပင်၊ လေကာပင်များ စနစ်တကျစိုက်ပျိုး ထားကြရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူများ အချင်းချင်း အကျိုးတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.