(၃၄) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် ကျင်းပ

နေပြည်တော် မေ ၇
ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဦးစီး၍ (၃၄)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံ ဖိုရမ်ဆွေးနွေးပွဲကို ယနေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝဘေး ကြိုတင်သတိပေး ဗဟိုဌာန (Multi-Hazard Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနများ၊ စိုက်ပျိုးရေးဆောင်ရွက်နေသောဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသော ဌာနများ၊ အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပို့ဆောင် ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားသည်။
ဆွေးနွေး
(၃၄)ကြိမ်မြောက် မုတ်သုံဖိုရမ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီကာလ (အနောက်တောင် မုတ်သုံရာသီ ကာလ)အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘုယျ ခန့်မှန်းချက်များကို တင်ပြ ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးမိုးလေဝသအခြေအနေနှင့် ၂၀၂၆ ခုနှစ်တွင် ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညို အခြေအနေနှင့် ပတ်သက်၍ တင်ပြခြင်း၊ မြန်မာနိုင်ငံနှင့် ငလျင်ဘေးအန္တရာယ်အကြောင်း တို့ကို ရှင်းလင်းတင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပြီးခဲ့သည့် ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းရာသီကာလ အတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၆ ခုနှစ် မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများ ဆွေးနွေးခြင်း၊ ဖြည့်စွက် အကြံပြုချက်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments