လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် မေ ၅
မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇)၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လာမည့်မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှု (Power Generation Mix) တွင် အခြေခံဝန်အားအတွက် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများကို အသုံးပြုလျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ရေအား လျှပ်စစ်စက်ရုံအချို့နှင့် မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုကြောင့် ယခုကဲ့သို့ အပူချိန်မြင့်မားသည့်အချိန်နှင့် ရေလှောင်တမံများတွင် ရေနည်းလာသည့် အချိန်တို့တွင် သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရခြင်းဖြစ်ကြောင်း၊ မကြာမီ မိုးကျလာတော့မည်ဖြစ်ရာ ကောင်းမွန်လျက်ရှိနေသည့် ရေအားလျှပ်စစ်စက်ရုံများကို စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အား ထုတ်ယူရမည်ဖြစ်ကြောင်း၊ ယင်းအတွက် တမံကြီးများကို ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများအား ပြန်လည်စစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်ခြင်း၊ ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန် ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေများအလိုက် အရန်ပစ္စည်းများ စုဆောင်းရေး၊ သယ်ယူပို့ဆောင်ရေး ယာဉ်ယန္တရားများ အဆင်သင့်ပြင်ဆင် ထားခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပိုမိုထွက်ရှိလာသည့် ဓာတ်အားများ ပို့ဆောင်နိုင်ရေးအတွက် မဟာ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကိုလည်း စစ်ဆေးထားရန်လိုကြောင်း၊ ရေအားလျှပ်စစ် ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့အသုံးပြုမှု လျှော့ချနိုင်ပါက သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာ စက်ရုံများအပါအဝင် အခြားစက်ရုံများအတွက် အသုံးပြုနိုင်သည်ဖြစ်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိုးရာသီအချိန်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံများကို အကျိုးရှိရှိဖြင့် စွမ်းအား ပြည့်လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် အစီအမံများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးတို့၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments