ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်
တောင်ကြီး မေ ၅
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တောင်ကြီးခရိုင် မီးသတ်စခန်း တောင်ကြီး-ဟိုပုံးမြို့ အထွက် (၂)မိုင်၌ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားပြီး ရဲကျော်သူ တံဆိပ်ရရှိသူ၊ လူမှုထူးချွန်တံဆိပ် ရရှိသူ၊ သင်တန်းတွင် ထူးချွန်ဆုရရှိသူများ၊ စခန်းသာယာလှပရေး ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ရာ ဆုရရှိသူများနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူးတို့က လက်ခံ ရယူကြသည်။
ထို့နောက် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည် သရုပ်ပြသရာ အထပ်မြင့်အဆောက်အအုံ ရှာဖွေကယ်ဆယ်ရေးအတွက် အသက်ကယ်ကြိုးများ အသုံးပြု၍ သရုပ်ပြသခြင်း၊ အထပ်မြင့်ပေါ်တွင် ပိတ်မိနေသောလူနာအား Hydraulic Platformဖြင့် ကယ်ဆယ်ခြင်း၊ အထပ်မြင့်မီးလောင်မှုအား LUF Nano ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဂက်(စ်)အိုး မီးလောင်မှုကို အအေးပေးစနစ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဆီသိုလှောင်ကန် မီးလောင်မှုကို မီးငြှိမ်းသတ် သရုပ်ပြသခြင်း၊ Ventilator နှင့် 3D Nozzle အသုံးပြု၍ အအေးပေးခြင်း၊ ဓာတုဗေဒ အမြှုပ်ဆေးရည် (Foam) အသုံးပြု၍ ဆီမီးလောင်မှုကို မီးငြှီမ်းသတ် သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်း ကိရိယာများကို ကြည့်ရှုခဲ့သည်။
အလားတူ ၂၀၂၆ ခုနှစ် Football For School (ဘောလုံး၊ ဘော်လီ ဘော၊ ဘတ်စကက်ဘော၊ ပြေးခုန် ပစ်၊ ရေကူး) အားကစားသင်တန်း များဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် က ယခုကဲ့သို့ သင်တန်းဖွင့်လှစ် ပေးခြင်းသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်တွင် ပါရှိသည့် ရက်(၁၀၀) စီမံချက်နှင့်စပ်လျဉ်း ပြီး အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကို ပညာရေးဝန်ကြီး ဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် ယခုလိုသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က သင်တန်းသား သင်တန်းသူများ အား လိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဝူရှူးအားကစား အဖွဲ့က သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့် သရုပ်ပြသပေးသော ဝူရှူး အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ဘောလုံး၊ ဝူရှူး၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ ရေကူးအဖွဲ့တို့အား အားကစား သင်တန်း အထောက်အကူပြု ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများ ဘောလုံး ကစားနေမှု၊ ပြေးခုန်ပစ်ကစားနေမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments