ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများနှင့် ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေမှု ကြည့်ရှုစစ်ဆေး

 




ပုသိမ်  မေ  ၃


ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့ အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ သန့်ရှင်းသာယာ လှပရေးအတွက် မြို့အဝင်ဆိုင်းဘုတ်များ၊ မြေယာ ရှုခင်းများနှင့် ကန်သုံးဆင့်ပန်းခြံတို့ကို အဆင့်မြှင့်တင်နိုင်ရေး  ဆောင်ရွက်သွားမည့် အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လိုက်လံ ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အဝင် “ရိုးသားကြိုးစား ဧရာဝတီသား” ဆိုင်းဘုတ်အနီး မြေယာရှုခင်းများ အဆင့်မြှင့်တင်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းနိုင်ရေး၊ ပုသိမ်မြို့အဝင် မုခ်ဦးတည်ဆောက်နိုင်ရေး၊ မြို့အဝင် ဆိုင်းဘုတ်နှင့် မြေယာရှုခင်းများ အဆင့်မြှင့်တင်နိုင်ရေး၊ ရွှေရုပ်တုအဝိုင်း အဆင့်မြှင့်တင်နိုင်ရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ကန်သုံးဆင့်ပန်းခြံအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး၊ ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် စိန်ပန်း၊ ကံ့ကော်၊ ခရေ၊ ငုဝါ အစရှိသည့် အရိပ်ရပင်များနှင့် အလှပန်းပင်များ ထပ်မံစိုက်ပျိုးရေး၊ သစ်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရေးမှာကြားသည်။


ယင်းနောက် ပုသိမ်မြို့ သာသနာ့ဗိမာန်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအား အသက် ၁၀ နှစ်မှ ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ် များပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် သွေးအမျိုးအစားခွဲခြင်း၊ e-IDစစ်ဆေးခြင်း၊ ရှေ့ပြေးလျှောက်လွှာဖြည့်သွင်းခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ပေးအပ်သည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အစိုးရသစ်ကာလ ရက် (၁၀၀) အတွင်း “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ  အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းဖွင့် ရာသီတွင်လည်း အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အသက် ၁၀ နှစ်နှင့် ၁၈ နှစ်အကြား ကျောင်းသား ကျောင်းသူများအား ဇွန် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.