လာအိုနိုင်ငံ၌ သစ်တောထိန်းသိမ်းရေး ဆောင်ရွက်



ဗီယင်ကျန်း    မေ    ၂၆

လာအိုနိုင်ငံအတွင်း   သဘာဝပတ်ဝန်းကျင်နှင့်  သစ်တောထိန်းသိမ်းရေးအတွက် သစ်တောဧက ဟက်တာ ၅၀၀၀၀ ပေါ်တွင် သစ်ပင်စိုက်ပျိုးရေးဆောင်ရွက်မည်ဖြစ်ကြောင်း လာအိုအစိုးရက ပြောကြားသည်။

အစိုးရသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်  ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှု  မြှင့်တင်ရန်အတွက် သစ်တောပြန်လည် စိုက်ပျိုး ခြင်းနှင့် သစ်တောပြန်လည်ထူထောင်ရေးအစီအစဉ်များကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး   လန်ခန်ဒေါင်ဆာဗန်က ပြောကြားသည်။

ယခုနှစ် ဇွန် ၁ ရက်တွင် ကျင်းပမည့် အမျိုးသားသစ်တောနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သစ်ပင်ပျိုး ပင် ၄ ဒသမ ၅ သန်းအား စိုက်ပျိုးမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏  ထုတ်ပြန်ချက်အရ  သိရ သည်။ နိုင်ငံအတွင်း အမျိုးသားသစ်တောနေ့ ကျင်းပရခြင်းမှာ နိုင်ငံသားများအား သစ်တောနှင့် ပတ်သက်သည့် ဗဟုသုတများကို အသိပညာပေးရန်နှင့်  သစ်တောသဘာဝသယံဇာတအား      စောင့်ရှောက်ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း သိရသည်။ ရေဝေရေလဲဒေသများအား  ကာကွယ် ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ မြေဆီလွှာပျက်စီးမှုကို လျှော့ချခြင်းနှင့် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများ လျှော့ချခြင်းတို့တွင် သစ်တောများ၏ အခန်းကဏ္ဍကို ဝန်ကြီးက အရေးပေးပြောကြားသည်။

လာအိုနိုင်ငံသားများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြန်လည်ထူထောင်ရေး လုပ်ဆောင် မှုများကို   ပံ့ပိုးခြင်းဖြင့်    နိုင်ငံ၏ သစ်တောအရင်းအမြစ်များအား  တန်ဖိုးထားကာကွယ်ရန် ၎င်းက ပန်ကြားခဲ့သည်။       

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.