ပြင်ဦးလွင် လူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 





ပြင်ဦးလွင် မေ ၇


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် လူရည်ချွန်စခန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ပြင်ဦးလွင်မြို့နယ်ရှိ ကန်တော်ကြီး အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၌ ကျင်းပသည်။


အခမ်းအနားသို့ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊   ဆရာ ဆရာမများနှင့် လူရည်ချွန် ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။


ဦးစွာ ပြင်ဦးလွင်လူရည်ချွန် စခန်းကို လူရည်ချွန်ကျောင်းသားကျောင်းသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရင်ထိုးတံဆိပ်များ ပေးအပ်သည်။ ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများကိုယ်စား လူရည်ချွန် ကျောင်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ကြသည်။ ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ကန်တော်ကြီး အမျိုးသားအထိမ်းအမှတ် ဥယျာဉ်နှင့် တိုင်းရင်းသား ကျေးရွာများသို့ လှည့်လည် ကြည့်ရှုလေ့လာကြသည်။


မွန်းလွဲပိုင်းတွင် ရွှေနန်းထိုက် ဟိုတယ်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းက လူရည်ချွန် မောင်မယ်များအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ ထို့နောက် လူရည်ချွန် မောင်မယ်များသည် သုမင်္ဂလာဈေးသို့ သွားရောက်လည်ပတ် ပျော်ရွှင်စွာ ဂိမ်းများကစားကြပြီး တာဝန်ရှိသူများက သုမင်္ဂလာဈေးဘက်စုံသုံးခန်းမတွင် ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.