ဂါဇာကမ်းမြောင်ဒေသ၌ အရေပြားရောဂါကူးစက်မှု မြင့်တက်လျက်ရှိ
ဂါဇာစီးတီး မေ ၁၀
ဂါဇာကမ်းမြောင်ဒေသရှိ သန့်ရှင်းမှုအခြေအနေသည်
ခုနစ်လအတွင်း ဆိုးရွားလာခဲ့ပြီး ပြည်သူများ
အကြား အရေပြားရောဂါကူးစက်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။
သတိပေးပြောကြား
ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ
ကုလသမဂ္ဂအေဂျင်စီ (UNRWA)က ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူအများစုသည် သန့်ရှင်းသပ်ရပ်မှုမရှိသော
ရွက်ဖျင်တဲများ၌ နေထိုင်ရပြီး ယခုအချိန်တွင် အရေပြားရောဂါကူးစက်မှု ပိုမိုများပြားလာကြောင်း
သတိပေးပြောကြားခဲ့သည်။
အလယ်ပိုင်း Deir al-Balah
မြို့ရှိ ဆေးခန်း၌ ကလေးငယ်များနှင့် အမျိုးသားလူနာများသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင်
အဖုအပိမ့်များထွက်ပေါ်နေသည့်အတွက် ဆေးကုသမှုခံယူရန် အကူ အညီ တောင်းခံနေကြသည်။
အရေပြားရောဂါဖြစ်ပွားမှုအရေအတွက်သည် နိုဝင်ဘာလမှ စတင်ကာ ဧပြီလတွင် ၁၀၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း UNRWA ၏ ကျန်းမာရေးဒါရိုက်တာ
ဆီတာအာကီဟီရိုက ပြောကြား ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ ရေနှင့်မြောင်းစနစ်များ ပြန်လည်တည်ဆောက်ရာတွင် တိုးတက်မှုမရှိသေး
ကြောင်း ၎င်းက ထောက်ပြသည်။
ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည်။
သို့သော် အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ချိန်မှစ၍
လူပေါင်း ၈၅၀ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments