အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်း၌ သဘာဝဓာတ်ငွေ့သိုက်အသစ်တစ်ခု ရှာဖွေတွေ့ရှိ
ကိုင်ရို မေ ၂
အီဂျစ်နိုင်ငံမြောက်ပိုင်း နိုင်းမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် သဘာဝဓာတ်ငွေ့သိုက် အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း ရေနံနှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန က မေ ၂ ရက်တွင် ကြေညာခဲ့ သည်။
အဆိုပါ ဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့တစ်ရက်လျှင် ကုဗပေ သန်း ၅၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး အနီးဆုံးထုတ်လုပ်ရေး စက်ရုံများမှ ၂ ကီလိုမီတာအောက်တွင် ယင်းဓာတ်ငွေ့သိုက် တည်ရှိနေသဖြင့် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ထုတ်လုပ်မှုကွန်ရက်နှင့် လျင်မြန်စွာချိတ်ဆက်နိုင်၍ ဓာတ်ငွေ့ ထုတ်လုပ်မှုများ စတင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီဂျစ်အစိုးရသည် ယခုနှစ်များအတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းလာခဲ့ပြီးနောက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံအတွင်း လက်ရှိ သဘာဝဓာတ်ငွေ့ထွက်ရှိမှု မှာ တစ်ရက်လျှင် ကုဗပေ ၄ ဒသမ ၁ ဘီလီယံထုတ်လုပ်နေပြီး ၂၀၂၇ ခုနှစ်တွင် ကုဗပေ ၆ ဒသမ ၆ ဘီလီယံသို့တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် မိုစတာဖာ မက်ဘူလီက ပြောကြားသည်။
ထို့ပြင် ယခုနှစ်အတွင်း စွမ်းအင်အရန်အသစ်များ လုံလောက်စွာ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စူးစမ်းလေ့လာရေး ရေနံတွင်း ၁၀၀ ကျော်တူးဖော်ရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆင်ဟွာ

No comments