ကနေဒါမှ အမေရိကန်သို့ လေကြောင်းခရီးသွားလာမှု ၁၄ လ ဆက်တိုက်ကျဆင်း



အော့တဝါ မေ ၂

ကနေဒါနိုင်ငံ၏ အကြီးဆုံးလေဆိပ်ရှစ်ခုတွင် မတ်လအတွင်း အမေရိကန်ပြည်ထောင်စုသို့ လေကြောင်းခရီးသွား လာသူပေါင်း ၁ ဒသမ ၂ သန်း ရှိပြီး ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်း လျော့ကျလာကြောင်း ကနေဒါစာရင်းအင်းဌာနက မေ ၁ ရက်တွင် ထုတ်ပြန်သည်။


ယင်းကဲ့သို့ လျော့ကျမှုမှာ ၁၄ လဆက်တိုက် ဖြစ်ပေါ်နေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အစပိုင်းမှ စတင်ကာ ကနေဒါနှင့် အမေရိကန်တို့အကြား နိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်လာခြင်းနှင့်အတူ လေကြောင်းခရီးသွားလာမှုပုံစံများလည်း ပြောင်းလဲ လာကြောင်း၊ ယခုနှစ် မတ်လအတွင်း အမေရိကန်သို့ လေကြောင်းခရီးသွား အရေအတွက်မှာ တင်းမာမှု များ မဖြစ်ပွားမီကာလဖြစ်သည့် ၂၀၂၄ ခုနှစ် မတ်လ နှင့်နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်း သွားကြောင်း ၎င်းဌာနက ပြောသည်။


ထို့ပြင် ယခုနှစ် မတ်လတွင် အမေရိကန် ပြည်ထောင်စုသို့ လေကြောင်းခရီးသွားအရေအတွက် မှာ စုစုပေါင်း၏ ၂၄ ဒသမ ၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၂၅ ခုနှစ် မတ်လတွင် ၂၇ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၂၉ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.