ဉာဏ်ရည်တုလှိုင်းများ(၄)
နီဇော်သစ်
အေအိုင်၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်အပတ်က
ဆွေးနွေးခဲ့သည်မှာ အဆင့်(၃)အထိ ရောက်ခဲ့သည်။ တကယ်တော့ လုပ်ပိုင်ခွင့်အဆင့်(၂)သည် လက်ရှိ
ကျွန်တော်တို့ရောက်နေသော အနေအထားဖြစ်ပြီး အဆင့်(၃)မှာ မဝေးသောအနာဂတ်ဟု မှန်းထားသည့်နည်းပညာဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းအဆင့်များဖြစ်သည့် အဆင့်(၄)နှင့် အဆင့်(၅)မှာ ကျွန်တော်တို့နှင့်
တော်တော် ကွာလှမ်းသေးသည့်အပိုင်းများဖြစ်သည်။ သို့ဆိုလျှင်ဘာကြောင့် ထိုအဆင့်များကို ကြိုစဉ်းစားနေရ ပါသနည်း။ အဖြေမှာ ကျွန်တော်တို့
အစိုးရိမ်ဆုံးကိစ္စသည် ထိုအပိုင်းများတွင်ရှိနေသည်။ “အေအိုင် ကို မထိန်းချုပ်နိုင်တော့ဘူးလား”ဆိုသည့်
မေးခွန်းပင်။
အေအိုင်၏ လုပ်ပိုင်ခွင့်အဆင့်(၄)ကို
ကျွမ်းကျင်သူအဖြစ် သတ်မှတ်သည်။ အေအိုင်က လူသားနှင့် အပြန်အလှန်ဆက်ဆံသည်။ လူသားက လမ်းညွှန်ချက်အချို့ပေးပြီး
ရလဒ်ကိုပြန်စောင့်မည်။ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပါဝင်လုပ်ဆောင်မည်။ အဆင့်မြင့် သိပ္ပံစူးစမ်းရှာဖွေမှုများတွင်
အေအိုင် ကို အသုံးပြုခြင်းမျိုးဖြစ်သည်။ လက်ရှိ နည်းပညာအနေအထားနှင့် အနီးစပ်ဆုံးဥပမာပေးရလျှင်
ပရိုတိန်းဖွဲ့စည်းမှုများကို အေအိုင်သုံးပြီး ရှာဖွေခြင်းလိုမျိုးဖြစ်သည်။ ထိုအဆင့်တွင် အေအိုင် သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချနိုင်သည်။
သို့သော် လူသား၏ကြီးကြပ်မှု ရှိနေသေးသည်။ ဆိုလိုသည်
မှာ အေအိုင်သည် စီးပွားရေးစီမံကိန်းကြီးတစ်ခုလုံးကို ကိုယ်တိုင်စီစဉ်နိုင်သည်။ သို့သော် လုပ်မလား၊ မလုပ်ဘူးလားဆိုသည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို
လူသားက ချပေးရမည်ဖြစ်သည်။ သို့ဆိုလျှင် ဘယ်လိုအန္တရာယ်ရှိလဲ။
အေအိုင် လုပ်ပိုင်ခွင့်အဆင့်(၄)၏
အန္တရာယ်သည် လူ့အဖွဲ့အစည်းနှင့် လူသားတို့၏စိတ်အခြေအနေ ပေါ်အထိ သက်ရောက်မှုများရှိလာနိုင်သည်ဟု
လေ့လာသူများက သုံးသပ်ကြသည်။ လူ့အဖွဲ့အစည်း အတွက်
အန္တရာယ်မှာ စက်မှုတော်လှန်ရေးကတည်းက
မြင်ခဲ့ရသည့် အလုပ်အကိုင်ဆုံးရှုံးမှုများက အဓိကဖြစ်သည်။ သို့သော် စက်မှုတော်လှန်ရေးနှင့်မတူသည်မှာ
အလုပ်အကိုင်အဟောင်းများမှ အလုပ်အကိုင်အသစ်များသို့ ပြောင်းလဲသွားခြင်းမျိုး မဟုတ်ဘဲ
ရှိဆဲအလုပ်အကိုင်ကိုပင် အေအိုင် တို့က လူသားတို့ကို အစားထိုးသွားခြင်းမျိုးဖြစ်ခြင်းပင်။
မတူသည်က စက်ပစ္စည်းတို့သည် ကာယ လုပ်သားတို့၏နေရာကို အစားထိုးခဲ့ပြီး အေအိုင်က ဉာဏလုပ်သားတို့၏နေရာကို အစားထိုးခြင်း ဖြစ်သည်။ အေအိုင်၏ ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်နိုင်စွမ်းတို့က လူသားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းအဟောင်းများကို စွန့်ခွာပြီး
ပြန်လည်လေ့လာသင်ယူကာ အလုပ်အကိုင် အခွင့်အလမ်းအသစ်များဆီသို့ တက်လှမ်းရန် အခွင့်အရေးမရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ဤနေရာတွင် ရှေ့ပြောခဲ့သလိုပင်
နောက်ဆုံး ဆုံးဖြတ်ချက်ပေးရမည့်နေရာ၌ ရှိနေသူများကမူ အလုပ်အကိုင်ဆုံးရှုံးမှုကို ရင်ဆိုင်ရမည်မဟုတ်။ သို့သော် ထိုသူတို့သည်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိလာနိုင်သည်ဟု
ပညာရှင်များက သတိပေးထားသည်။ ထိုအပိုင်း၏ ပထမဆုံး အန္တရာယ်မှာ အေအိုင်ကို အလွန်အကျွံအားကိုးမိခြင်းဖြစ်သည်။
အေအိုင်က အကုန်လုပ်နိုင်သည်၊ ပိုပြီးတိကျသည်ဆိုပြီး
ပြန်လှန်စစ်ဆေးမှုကို အသေးစိတ် မလုပ်တော့ဘဲ အေအိုင်က ထုတ်ပေးထား သည့် ဆုံးဖြတ်ချက်များကို
အတည်ပြုလိုက်ခြင်းဖြစ်သည်။ မှားယွင်းသော ဆုံးဖြတ်ချက်များကို အတည်ပြုမိလျှင် ပြဿနာရှိနိုင်သည်။ နောက်တစ်ချက်မှာ ပြန်လှန်စစ်ဆေးမှုကို အသေးစိတ်
လုပ်ချင်လျှင်တောင်မှ လူသား၏မြန်နှုန်းက လိုက်မမီနိုင်ခြင်း
ဖြစ်သည်။ ဤနေရာတွင် တာဝန်ယူမှု တာဝန်ခံမှုအပိုင်း၌ ပြဿနာရှိလာ၏။ မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုကိုလုပ်မိလျှင် အတည်ပြုပေးသည့် လူသား၏ တာဝန်လား၊ ဆုံးဖြတ်ချက်ထုတ်ပေးသည့်
အေအိုင်၏ တာဝန်လား၊ အေအိုင်ကို ဖန်တီးထားသူ၏တာဝန်လား။ ထိုနေရာတွင် တာဝန်ယူမှု နယ်နိမိတ်မှုန်ဝါးသွားသည်ကို
တွေ့နိုင်သည်။ ထိုသို့ မှုန်ဝါးသွားခြင်းသည် ဥပဒေနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များအတွက်ပါ စိန်ခေါ်မှု အသစ်များ ဖြစ်လာစေနိုင်သည်။
ထို့ကြောင့် အေအိုင်လုပ်ပိုင်ခွင့်
အဆင့်(၄)တွင် အဆင့်အတန်း ကွာဟချက်များကို ကြီးကြီးမားမား မြင်ရသည်။ ပထမကွာဟချက်မှာ အေအိုင်ကို မောင်းနှင်နိုင်သူများနှင့် အေအိုင်ကိုမခိုင်းတတ်သူ
များဖြစ်သည်။ အေအိုင်ကိုမခိုင်းတတ်လျှင် အလုပ်လက်မဲ့ဖြစ်မည်။ တန်းတူရည်တူ သို့မဟုတ် ပိုမြင့်သော အလုပ်ပြန်ရစရာအကြောင်းမရှိ။ အေအိုင်ကို မောင်းနှင်နိုင်သူများထဲတွင်လည်း
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိသလို ခံစားလာရသည်။ ထိုလုပ်သားတို့နှင့် အေအိုင်ကိုလုပ်ပိုင်ခွင့်ပေး
လိုက်သော ပိုင်ရှင်များ၊ ဖန်တီးသူများကြားတွင် ကွာဟချက် အလွန်အမင်းကြီးမားသွားသည်။
ဆိုရလျှင် ပိုင်ရှင်များ၊ ကုမ္ပဏီများ၊ ဖန်တီးသူများလက်သို့ ပါဝါအပြည့်အဝ
ရောက်ရှိသွားသည်။ အကြောင်းမှာ သူတို့က အေအိုင်၏လုပ်ပိုင်ခွင့်တို့ကို ပြန်လျှော့နိုင်သလို
ရပ်လိုလျှင်လည်း ရပ်နိုင်၍ ဖြစ်သည်။
နောက်ဆုံး စိတ်ဝင်စားစရာကောင်းသည့်
တစ်ခုမှာ လူသားသာလွန်မှုဝါဒ ကျဆင်းလာနိုင်ခြင်း
ဖြစ်သည်။ ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် အခြားအရာများထက်သာလွန်သည်ဟု ခံယူထား
ကြသည်။ ယင်းမှာ ဆင့်ကဲဖြစ်စဉ်မှပါလာသည့် ပင်ကိုဗီဇဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုဝါဒသည် ယဉ်ကျေးမှုကြီးများကို ဖြစ်တည်စေသည်။
တီထွင်ဆန်းသစ်မှုများကို ဖြစ်စေသည်။ အထွေထွေသုံး နည်းပညာများ၏ နောက်ကွယ်မှ မောင်းနှင်နေသော
အင်အားစုတစ်ခုဟုလည်း ဆိုနိုင်သည်။ သို့သော်
တစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကိုဖြစ်စေသည်။ လူသားအချင်းချင်း အဆင့်အတန်းခွဲခြားမှုများကို ဖြစ်စေသည်။ လူသားအချင်းချင်းမှာပင်
တစ်ယောက်ထက် တစ်ယောက် သာလွန်ရန် ပုံပြင်ဒဏ္ဍာရီများ ဖန်တီးပြီး အမုန်းတရားဦးဆောင်သည့် ပဋိပက္ခများကို ဖြစ်စေသည်။ မျက်မှောက်ခေတ် သိပ္ပံနည်းကျအမြင်ဖြင့်ကြည့်လျှင်
တကယ်တမ်း ဘာမှသာလွန်ခြင်း မရှိ။ ထို့ကြောင့်
လူသားသာလွန်မှုဝါဒသည် နှစ်ဖက်သွားဓားဖြစ်သည်။
အေအိုင်လုပ်ပိုင်ခွင့် အဆင့်(၄)တွင်
ထိုသာလွန်မှုကို ခံစားရစေနိုင်သော ဆင်ခြင်စဉ်းစားမှု၊ ဖန်တီးမှု နှင့် ဆုံးဖြတ်ချက်ချမှတ်မှုတို့ကို
အေအိုင်ကယူလိုက်သည်။ လူသားအတွက် လုပ်စရာ ဘာမှမကျန် သလိုပင်။ တစ်ချိန်က လူသားသည် ဖန်ဆင်းရှင်ဖြစ်ပြီး
အေအိုင်သည် ကိရိယာသက်သက်။ ယခု အေအိုင်က လူသားကို ပခုံးချင်းယှဉ်လာပြီ။ “ငါက ဘာလဲ၊ ငါ့တန်ဖိုးက ဘာလဲ”ဆိုသည့်အတွေးများ
ဝင်လာနိုင်သည်။ ဆိုရလျှင် ရှေ့ကပြောခဲ့သော စိတ်ခံစားချက်ပိုင်းဆိုင်ရာ ထိခိုက်မှုအားလုံးတို့သည်
လူသား၏သာလွန်မှုကို မခံစားရတော့ခြင်းကြောင့်ဖြစ်လာသည်ဟုပင်ဆိုနိုင်သည်။ သို့သော် ပိုင်ရှင် များ၊ ကုမ္ပဏီများ၊ ဖန်တီးသူများကမူ
ထိုခံစားချက်ကို ဆက်ပြီးရရှိနေကြသည်။
အေအိုင်ကပ်ဘေးအကြောင်း ရိုက်ကူးသော
ရုပ်ရှင်တော်တော်များများသည် ထိုသဘောတရားကို
အခြေခံကြသည်။ ရုပ်ရှင်များထဲတွင်မူ နောက်ဆုံးတွင် လူသားတို့ကသာ အေအိုင်တို့ကို
တစ်ကျော့ပြန်အနိုင်ယူခြင်းဖြင့် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းကို ဖန်တီးကြသည်။ တကယ်တမ်းတွင်ရော
ထိုသို့ဖြစ်နိုင်ပါ့မလား။ မသိနိုင်ပါ။ အေအိုင်လုပ်ပိုင်ခွင့် အဆင့်(၄)တွင် မေးခွန်းမှာ
‘အေအိုင်ကို ထိန်းချုပ်နိုင်မလား’ မဟုတ်တော့ဘဲ ‘အေအိုင်နှင့်အတူ နေထိုင်နိုင်မလား’ ဖြစ်လာသည်။ အဖြေကို မသိသေးပါ။ သို့သော်
မဖြစ်မနေဖြေရှင်းရမည့် မေးခွန်းတစ်ခုဖြစ်သည်။

No comments