ငှက်ဖျားရောဂါသည် လူသားတို့၏ ဆင့်ကဲဖြစ်စဉ်အပေါ် သက်ရောက်မှုရှိ



လူသားမျိုးစိတ်၏ ဘိုးဘေးဘီဘင်တို့သည် ငှက်ဖျားရောဂါ ထူပြောသောအရပ်ဒေသများကို  ရှောင်ကွင်းခြင်းအားဖြင့် လူသားဆင့်ကဲဖြစ်စဉ်နှင့် မျိုးဗီဇကွဲပြားမှုတို့အပေါ် သက်ရောက်မှုရှိစေခဲ့ ကြောင်း လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့သည်။

လူသားတို့၏ ဆင့်ကဲဖြစ်စဉ်ကို ပြန်လှန်လေ့လာရာတွင် ယခင်က ရာသီဥတု၊ မြေမျက်နှာသွင်ပြင် စသော ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများနှင့် လူသားမျိုးနွယ်တို့အချင်းချင်းကြား အပြန်အလှန် ဆက်ဆံမှုတို့ကို  အလေးထားခဲ့ကြရာမှ ယခုအချိန်တွင် နောက်ထပ်အားကောင်းသော မောင်းနှင်မှု တစ်ခုကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။  ယင်းမှာ  ရောဂါဘယ ဖြစ်သည်။

ကိန်းဘရစ်တက္ကသိုလ် မက်စ်ပလန့် ဘူမိမနုဿဗေဒ အင်စတီကျုမှ လေ့လာမှုတစ်ခုအရ လွန်ခဲ့သော နှစ်ပေါင်း ၇၄၀၀၀ မှ နှစ်ပေါင်း ၅၀၀၀  အတွင်း ငှက်ဖျားရောဂါသည် လူသားတို့၏ ဖြန့်ကြက် နေထိုင်မှုအပေါ်  ကြီးကြီးမားမား  သက်ရောက်မှုရှိခဲ့ကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ထိုကာလမှ လူသားမျိုးနွယ်တို့ အာဖရိကကိုလွန်၍ ခရီးမထွက်ခင်၊ စိုက်ပျိုးရေး မထွန်းကားခင်ကာလလည်း ဖြစ်သည်။

ဒေါက်တာ မာဂရီတာ ကိုလူချီနှင့် လုပ်ဖော်ကိုင်ဖက်များ ရေးဆွဲခဲ့သည့် ရှေးခေတ် ရောဂါဘယမြေပုံ က ထိုတွေ့ရှိချက်ကို အစပြုခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့က မျိုးစိတ်တွေပျံ့နှံ့တဲ့ မိုဒယ်နဲ့ အဓိက ခြင်မျိုး စိတ်သုံးမျိုးတို့ ဖြစ်တည်ခဲ့တဲ့ မိုဒယ်တွေကို  သုံးခဲ့တာပါ။ အဲဒီမိုဒယ်တွေကို ကပ်ဘေးဆိုင်ရာ အချက်အလက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဆာဟာရအာဖရိကရဲ့ ငှက်ဖျားပျံ့နှံ့နှုန်းကို ခန့်မှန်း နိုင်ခဲ့ပါတယ်”ဟု ဒေါက်တာ မာဂရီတာ ကိုလူချီက ဆိုသည်။

ရှေးလူသားတို့သည် ငှက်ဖျားရောဂါထူပြောသည့် အရပ်ဒေသများတွင် များများစားစား နေထိုင်ခဲ့ခြင်း မရှိသည့်အချက်အလက်ကို ရရှိခဲ့သောကြောင့် ထိုဒေသများကို ရှောင်ကွင်းနေထိုင်ကြသည် သို့မဟုတ် ထိုဒေသများတွင် နေထိုင်ခဲ့ကြသူတို့သည် လူဦးရေများများစားစား တိုးပွားနိုင်ခြင်းမရှိကြ ဟု ဆိုလိုသည်။

“ဒီရွေးချယ်မှုတွေရဲ့ သက်ရောက်မှုက ပြီးခဲ့တဲ့နှစ်ပေါင်း ၇၄၀၀၀ အတွင်း ဖွားသေနှုန်းကို ဖြစ်စေခဲ့ တာပါ။ အဲဒီထက်လည်း အများကြီးပိုစောနိုင်ပါတယ်။ မြေပြင်ပေါ်မှာ လူသားတွေ ရွှေ့ပြောင်း နေထိုင်ကြတဲ့ မြင်ကွင်းကိုကြည့်လိုက်ရင် ငှက်ဖျားရောဂါက ဒီနေ့မြင်နေရတဲ့ လူဦးရေနေထိုင်မှု ပုံစံမျိုးကို ဖြစ်လာစေတယ်လို့ ပြောနိုင်ပါတယ်”ဟု လေ့လာမှုတွင် ပါဝင်သော ပါမောက္ခ အင်ဒရီယာ မန်နီကာက ဆိုသည်။

ယခုတွေ့ရှိမှုမှာ လူသားမျိုးစိတ် ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ကို လေ့လာရာတွင်  ရှေ့တန်းနယ်မြေ အသစ်တစ်ခုရရှိလိုက်ကြခြင်းဖြစ်သည်။ လူသားသမိုင်းထဲတွင် ရောဂါဘယတို့၏ သက်ရောက်မှုက ထဲထဲဝင်ဝင် ပါရှိနေသည့်ပုံစံဖြင့် လေ့လာစူးစမ်းမှု မူဘောင်တစ်ခုကို ထပ်ပြီးတိုးချဲ့လိုက်ခြင်းလည်း ဖြစ်သည်။

Ref: scitechdaily

No comments

Powered by Blogger.